
ဂျာမနီနိုင်ငံက မိခင်နဲ့ ကလေးဂေဟာတခုမှာ ဇွန် ၂၉ ရက်က အသက် ၃ လအရွယ် သမီးငယ်ရဲ့ အုပ်ထိန်းခွင့်အတွက် အငြင်းပွားနေတဲ့ အမျိုးသားတယောက်က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဂေဟာဝန်ထမ်း ၆ ယောက် သေဆုံးခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် အမျိုးသားက နိုင်ငံမြောက်ပိုင်း ဟမ်းဘတ်မြို့အနီး၊ ရှတာဒါးမြို့က ဂေဟာထဲ ဝင်ပစ်ခဲ့တာ ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုကြောင့် ဂေဟာဝန်ထမ်းဖြစ်တဲ့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက် စုစုပေါင်း ၆ ယောက် သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ ပစ်ခတ်ချိန်အတွင်း ရုံးခန်းထဲမှာရှိနေတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။
သေနတ်သမားဟာ အခင်းဖြစ်ပြီးနောက် အမျိုးသမီးတယောက် မောင်းနှင်တဲ့ကားနဲ့ ထွက်ပြေးခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဂျာမန်ဝန်ကြီးချုပ် ဖရိုင်းဒရစ် မားဇ်က ဒီဖြစ်ရပ်ဟာ အင်မတန် ထိတ်လန့်တုန်လှုပ်စရာ ကောင်းတယ်လို့ ပြောပါတယ်။
ဆက်ဆွန်နီအောက်ပိုင်းပြည်နယ် ပြည်ထဲရေးဝန်ကြီး ဒါနီရယ်လာ ဘဲရင့်စ် ကလည်း ဒါဟာ နိုင်ငံရေးနဲ့ စီးပွားရေး ရည်ရွယ်ချက် မပါဘဲ အလွန်သွေးအေးရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သေနတ်သမား အပါအဝင် ၃ ယောက်ကို ဖမ်းဆီးထားပြီး အများပြည်သူအတွက် နောက်ထပ် အန္တရာယ် မရှိတော့ဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။











