DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး မလေးရှား ပြောဆိုချက်အပေါ်လေ့လာသူတွေ အမြင်ဘယ်လိုရှိလဲ
DVB
·
May 21, 2026
Photo: MOFA -Myanmar 
Photo: MOFA -Myanmar 
Donate to DVB

နေပြည်တော်ကို မေ ၁၉ ရက်က နေ့ချင်းပြန်ခရီး လာရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်အာဏာရှင်ဘက်က အပြုသဘောဆောင်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့တာဟာ သဘောထားပြောင်းတာ မဟုတ်ဘဲ အမြင်ပဲ ပြောင်းလဲလာတာလို့ မြန်မာ့အရေး လေ့လာသူက သုံးသပ်ပြောပါတယ်။ 

နေပြည်တော်က ပြန်လာပြီးတဲ့နောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမတ်ဟာဆန်က အခုလို ပြောဆိုတာဖြစ်ပြီး မြန်မာစစ်အာဏာရှင်ဘက်က ဆန့်ကျင်ဘက်အဖွဲ့အစည်းအားလုံးနဲ့ တဝိုင်းတည်းမှာ အတူတူထိုင်ပြီး ဆွေးနွေးဖို့ အဆင်သင့်ရှိ တယ်လို့ ပြောဆိုခဲ့တာကြောင့် ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့လည်း ဆိုပါတယ်။

ဒါဟာ ဘယ်လိုသဘောဆောင်ပါသလဲ။ မလေးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သဘောထားပြောင်းလဲသွားတာပါလား။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ “သဘောထားကတော့ မလေးရှားက အရှေ့တောက်လျှောက် ပြောခဲ့တဲ့ဟာပေါ့၊ အထူးသဖြင့် ဒီနှစ်အစမှာ ဒီရွေးကောက်ပွဲ အသိအမှတ်မပြုဖို့ ဆိုတဲ့ဟာ၊ စောင့်ကြည့်လေ့လာရေးအဖွဲ့ လုံးဝ မလွှတ်ဘူးဆိုတဲ့ဟာ၊ ပြီးရင် အသိအမှတ်မပြုတဲ့ ကိစ္စတွေပေါ့နော်။ အဲလိုမျိုး ပြောထားတဲ့ဟာတွေတော့ ရှိတယ်။ အဲ့တော့ နိုင်ငံအလိုက် နိုင်ငံအနေနဲ့ မြန်မာ့အရေး ရပ်တည်ချက်ကိုတော့ ပြောင်းတယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ အခု အသွင်ပြောင်းသွားတဲ့ အစိုးရရဲ့ ပြောင်းလဲတိုးတက်မှုကိုတော့ သူ အသိအမှတ်ပြုပေးတယ်ဆိုတဲ့ ဟာပေါ့နော်။ တကယ် အသိအမှတ်ပြုတယ် မပြုဘူးကတော့ တပိုင်းပေါ့နော်။ နှစ်ကြာလာတဲ့အတွက်ကြောင့်မလို့ ဒီလိုမျိုး progress တခု ရှိလာတာကို ကောင်းတဲ့သဘောနဲ့ သူတို့ မြင်ပေးပြီးတော့ ဒီထက်ပိုကောင်းလာအောင် ချော့ခေါ်နေတယ်ဆိုတဲ့ သဘောမျိုးလည်း ကျနော်တို့ မြင်လို့ရတယ်။”

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုအရ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွက် ချဉ်းကပ်မှုပုံစံ အသစ် တခုကို ဖန်တီးနိုင်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို မြန်မာနိုင်ငံက သူတို့ရဲ့ ဆွေးနွေး ဘက်တွေနဲ့ တွေ့ဆုံ လေ့လာတာတွေလုပ်ဖို့ တာဝန်ပေးအပ်ထားတယ်လို့လည်း သိရပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွက် ချဉ်းကပ်မှုပုံစံအသစ်ဆိုတာ ဘာတွေဖြစ်လာနိုင်ပါသလဲ။

ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ မြန်မာ့အရေး အပါအဝင် အာဆီယံရဲ့ အရေးပေါ်ကိစ္စရပ်တွေကို အဆက်မပြတ်ဘဲ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လက်ရှိ၊ အရင်နဲ့ နောင်လာမဲ့ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ၃ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ Troika အစီအစဉ်၊ မြန်မာ့အရေး အာဆီယံ အထူး ကိုယ်စားလှယ်ကို တနှစ်သက်တမ်းထက် မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်မျိုး နှစ်ရှည်စဉ်းစားလာတာမျိုး စတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“နောက်တခုက အခုဆိုရင် စစ်တပ်နဲ့ပဲ တွေ့သွားတာပေါ့။ အသွင်ပြောင်းအစိုးရနဲ့ပဲ တွေ့သွားတာ ပေါ့နော်။ ကျန်တဲ့ အစုအဖွဲ့တွေနဲ့ ကျနော်တို့ တွေ့ဆုံမှု မရှိသေးဘူး။ ဆိုတော့ အဲလို အနေအထားမျိုးကလည်း ကျနော်တို့က ပြောစရာဆိုစရာ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ သူတို့ multi-stakeholder ပေါ့နော်။ အကုန်လုံး သက်ဆိုင်တဲ့ အစုအဖွဲ့တွေ အကုန်လုံးနဲ့ စေ့စပ်ထိတွေ့ဆက်ဆံတဲ့ ပုံစံမျိုးနဲ့ ထိတွေ့တဲ့ဟာ အဲလိုမျိုးဟာကို တိုးချဲ့ပြီး လုပ်တာကိုလည်း ချဉ်းကပ်မှုပုံစံအသစ်လို့ ပြောတာမျိုး ဖြစ်နိုင်တယ်။ အဲတော့ ဘယ်ပုံစံ တိတိကျကျဖြစ်မလဲ ဆိုတဲ့ဟာတော့ သူတို့ ကြေညာမှပဲ ကျနော်တို့ သေချာသိရမှာပေါ့။”

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်ကို  မြန်မာစစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက အဖွဲ့အစည်းအားလုံး တဝိုင်းတည်းမှာ အတူတူထိုင်ပြီး ဆွေးနွေးဖို့ အဆင်သင့် ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအပေါ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန် ထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို အာမခံမှသာ ဆွေးနွေးတဲ့ကိစ္စ ဆောင်ရွက်မယ်လို့ တုံ့ပြန် ပါတယ်။

အာဆီယံကိုလည်း ချဉ်းကပ်မှု ပုံစံအသစ်ကို ဖော်ဆောင်လာမယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီတဲ့ သံတမန်ရေးဖြစ်ဖို့ကိုလည်း အကြံပြုခဲ့ပါတယ်။

ဦးနေဘုန်းလတ်က “အာဆီယံအနေနဲ့က အမြဲတမ်း ပြောတာရှိတယ်လေနော်။ Myanmar-owned၊ Myanmar-led ပေါ့နော်။ မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့၊ မြန်မာပြည်သူတွေ ဦးဆောင်တဲ့ အဖြေပေါ့နော်။ ဒါကို ကျနော်တို့ အမြဲတမ်း ဆောင်ရွက်မယ်ဆိုပြီး ပြောနေတာရှိတယ်။ အဲတော့ စစ်အုပ်စုက ပြောတဲ့ စကားတွေ၊ စစ်အုပ်စုက ပြတဲ့ဟာတွေကိုပဲ နားထောင်နေ ကြည့်နေရုံနဲ့တော့ အဆင်မပြေပါဘူး။ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အမှန်တကယ် ဆန္ဒအစစ်အမှန်က ဘာလဲ၊ မြန်မာပြည်သူတွေရဲ့ သဘောထားက ဘာလဲ၊ ဒါကို ကျနော်တို့ ထည့်သွင်းစဉ်းစားမှသာလျှင် ဒါဟာ Myanmar-owned၊ Myanmar-led ဖြစ်လိမ့်မယ်ဆိုတာကိုတော့ ကျနော် ပြောလိုပါတယ်ဗျ။”

စစ်အာဏာရှင် လက်အောက်ခံ နိုင်ငံခြားရေးဌာနကတော့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကြား ၂ နိုင်ငံ ဆက်ဆံရေးနဲ့ အာဆီယံဆိုင်ရာ ကိစ္စရပ် တွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ၂ နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ ကဏ္ဍတွေမှာ လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ရေးအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြတ်သဇင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013