DVB Logo
Home
မြန်မာသတင်း
စီးပွားရေးကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ ထိပ်ဆုံးဦးစားပေးလုပ်ရန် ဦးမြင့် တိုက်တွန်း
DVB
·
December 9, 2017
စီးပွားရေးကို ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်အတူ ထိပ်ဆုံးဦးစားပေးလုပ်ရန် ဦးမြင့် တိုက်တွန်း
Donate to DVB

နိုင်ငံတော် အတိုင်အပင်ခံပုဂ္ဂိုလ်အနေနဲ့ စီးပွားရေးကဏ္ဍကို ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့အတူ ထိပ်ဆုံးဦးစားပေးအဖြစ် ရှင်းလင်းပြတ်သားစွာ ထုတ် ပြန်ပေးစေလိုကြောင်း UMFCCI အသင်းချုပ်ရဲ့စီးပွားရေးအကြံပေး ဦးမြင့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းရေး၊ ပြည်ပထွက် သွားသူတွေ သူတို့ဆန္ဒအတိုင်း ပြန်လာနိုင်ရေး၊ပြန်လည်အခြေချနေထိုင်နိုင်ရေးနဲ့ ပြုစုပျိုးထောင်ရေးတို့အတွက် စီးပွားရေး ရှင်သန်တိုးတက်ဖို့က မရှိမဖြစ်လိုအပ်နေကြောင်း၊ လက်ရှိမှာ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး သဘောတူတဲ့ စီးပွားရေး မဟာဗျူဟာတစ်ခု ရေးဆွဲဖို့လိုနေတယ်လို့ ဆိုပါတယ်။

အဲဒီ စီးပွားရေး မဟာဗျူဟာမူကြမ်းကို ပြုစုပြီး လွှတ်တော်ကို တရားဝင်အထောက်အထားနဲ့ တင်ပြဖို့လိုအပ်နေကြောင်း UMFCCI စီးပွားရေးအကြံပေး ဦးမြင့်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်အနေနဲ့ သူမရဲ့စီးပွားရေး ကော်မတီဝင်တွေ၊ စီးပွားရေးအကြံပေးတွေ၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်နဲ့တိုင်းအဆင့်က စီမံကိန်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးကိစ္စ တွေ၊ဗဟိုဘဏ်အဆင့် ငွေကြေးရေးရာကိစ္စတွေမှာ အဓိက လုပ်နေကြတဲ့ အရာရှိတွေနဲ့ အနှစ်သာရရှိတဲ့ အမြင်ဖလှယ်တာတွေ မကြာခဏလုပ်ပေးဖို့ တိုက်တွန်းထားပါတယ်။

အဲဒီလိုဆွေးနွေးရာမှာ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုနိုင်ဖို့အတွက် အခွင့်အလန်းတွေ ဖန်တီးပေးဖို့၊ ဆွေးနွေးချက်တွေကို ဆုံးဖြတ်ချက်ချရာမှာ ထည့်သွင်းဖို့၊ တာဝန်ထမ်းဆောင်တဲ့အခါ အမီအခိုကင်းပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်တွေပေးဖို့ ဦးမြင့်က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ စီးပွားရေး၊ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနဲ့ အခြားအရေးပါတဲ့ ကဏ္ဍတွေမှာ ကျွမ်းကျင်သူတွေနဲ့တွေ့ပြီး သူတို့ရဲ့အကြံပြုချက်တွေ၊ အခက်အခဲတွေကို နားထောင်ဖြေရှင်းမှသာ စီးပွားရေး ပြန်လည်တိုးတက်လာမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ညီလာခံကို ဒီဇင်ဘာလ(၉)ရက်နေ့က ရန်ကုန်မြို့ UMFCCI အသင်းချုပ်မှာ ကျင်းပခဲ့ပါတယ်။

UMFCCI အသင်းချုပ် ပထမအကြိမ်ညီလာခံကို ၁၉၉၂ ခုနှစ် ဇန်နဝါရီလက စတင်ကျင်းပခဲ့ပြီး၊၂၀၁၇ ခုနှစ်မှသာ ပြန်လည်ကျင်းပနိုင်တာပါ။

ညီလာခံမှာ စီးပွားရေးအခက်အခဲတွေ ဖြေရှင်းနိုင်ဖို့ အုပ်စု ၃ စုခွဲပြီး ကဏ္ဍအလိုက် ဆွေးနွေးနေပါတယ်။

အဲဒီကရရှိတဲ့ အကြံပြုချက်တွေ အားလုံးကို အစိုးရနဲ့ဝန်ကြီးဌာနတွေကို တင်ပြသွားမယ်လို့ အသင်းချုပ်ဥက္ကဋ္ဌက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013