DVB Logo
Home
မြန်မာသတင်း
အင်အားစုသုံးခု စည်းလုံး၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ဆောင်ကြရန် အတိုင်ပင်ခံ တိုက်တွန်း
DVB
·
October 21, 2017
အင်အားစုသုံးခု စည်းလုံး၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ဆောင်ကြရန် အတိုင်ပင်ခံ တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်သူ၊ အစိုးရ၊ လုပ်ငန်းရှင်ကြီးများ စည်းလုံးပြီး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းမှုကိုတွဲပြီး အကောင်အထည်ဖော်ရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

အရင်က ပြည်သူ၊ အစိုးရနဲ့ ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေကြားမှာ ရှိသင့်သလောက် စည်းလုံး ညီညွတ်မှုမရှိခဲ့ပဲ အခုတော့ အဲဒီ အင်အားသုံးခုကို စုစည်းပြီး ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စု စီမံကိန်းကို အောင်အောင်မြင်မြင် လုပ်ဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။

ပြီးတော့ ရခိုင်ပြည်နယ်က ပျက်စီးသွားတဲ့အရာတွေ ပြန်လည်တည်ဆောက်တာဟာ လူမှုရေး၊ စီးပွားရေးနဲ့  နိုင်ငံရေးအရလည်း လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးဆိုတာဟာ ပျက်စီးသွားတဲ့အရာ တွေ ပြန်လည်တည်ဆောက်မယ်ဆိုတာ ဒီဟာက လူမှုရေးအရ လိုအပ်တယ်၊ နိုင်ငံရေးအရလည်း လိုအပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က ဒီလိုပျက်စီးမှုတွေကို မကြိုက်ဘူး။ နိုင်ငံမှာ ဥပဒေမဲ့ လုပ်ရပ်တွေရှိရင် ဥပဒေရဲ့ အကျိုးဆက်တွေကို ခံရမှာ ဖြစ်သလို ကျမတို့က တာဝန်ယူတယ်ဆိုတာကိုလည်းပြဖို့လိုပါတယ်။ နိုင်ငံရေးအရ ပြန်လည်ပြီးတော့ ပြုပြင်သွားဖို့ရှိပါတယ်။ စီးပွားရေးအရ လိုအပ်ချက်တွေလည်း ရှိပါတယ်’’ လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ အခုအခြေအနေမှာ အခက်အခဲဆုံးနေရာဖြစ်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု အင်မတန်မှများနေတာကြောင့်လည်း ပိုပြီးလုပ်ရကိုင်ရခက်ခဲတဲ့ အခြေအနေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

စီးပွားရေးမှာ အရင်ယန္တရားဟောင်းတွေတွေကိုပဲ ပြန်လုပ်ဖို့မလိုဘဲ ယန္တရားအသစ်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက ပြုပြင်လုပ်ဆောင်နိုင်ကြမယ် ထင်ကြောင်း ပြောကြားပါတယ်။

“ပုံမှန်အလုပ်တွေပြန်လုပ်နိုင်မှသာ စီးပွားရေးယန္တရား လည်ပတ်မှာဖြစ်ပါတယ်။ စီးပွားရေးယန္တရားလည်တဲ့နေရာမှာလည်း အရင်ယန္တရားအဟောင်းကြီးကိုပဲ ပြန်လည် လုပ်ဖို့မလိုပါဘူး။ ယန္တရားအသစ်တွေကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေ အတွေး အခေါ်နဲ့ ပြုပြင်နိုင်မယ်လို့ ထင်ပါတယ်။ အနာဂတ်ကိုကြည့်ပြီးတော့ ဘယ်လို ဘက်ကို ဖြည့်ဆည်း ပေးဖို့ လိုမလဲဆိုတာကို အားလုံးညီညီညွတ်ညွတ်နဲ့ ၀ိုင်းပြီးတော့ ဆွေးနွေးစေ ချင်တယ်”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်တွေလည်း ရထားပြီး  အသေးစိတ် ကို ဆွေးနွေးအစီအစဉ်ချဖို့နဲ့ ဘယ်ဒေသမှာ ဘယ်လုပ်ငန်းရှင်တွေ ပါဝင်မလဲဆိုပြီး ကောင်းတဲ့ ပြိုင်ဆိုင်မှုကို အားပေးမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ် စီမံကိန်းအတွက် စီးပွားရေးလုပ်ငန်းရှင်တွေက လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၁၇၇၀၀၀ ရထားပြီလို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013