DVB Logo
Home
မြန်မာသတင်း
ငွေကြေးခ၀ါချမှုဖြင့် ထိုင်းရဲဖမ်းထားသည့် မနန်းသိန်းအေး မဟုတ်မမှန်စွပ်စွဲခံရဟု မိသားစုပြော
DVB
·
December 9, 2017
ငွေကြေးခ၀ါချမှုဖြင့် ထိုင်းရဲဖမ်းထားသည့် မနန်းသိန်းအေး မဟုတ်မမှန်စွပ်စွဲခံရဟု မိသားစုပြော
Donate to DVB

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ဘတ်သန်းပေါင်း ၁ သောင်းကျော် ငွေကြေးခ၀ါချမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မနန်းသိန်းအေးဟာ မဟုတ်မမှန် စွပ်စွဲ ခံထားရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ငွေကြေးခ၀ါချမှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မနန်းသိန်းအေးဟာ တာချီလိတ်မြို့မှာ နေထိုင်သူဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်ခြင်းနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတဦးဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငွေလဲလှယ်ခြင်းနဲ့ ငွေလက်ခံပြီး ပြန်လည်ထုတ်ပေးခြင်း လုပ်ငန်းကို လုပ်ကိုင်နေသူ တဦးဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မနန်းသိမ်းအေးဟာ မတရားစွပ်စွဲခံရတာဖြစ်တဲ့အတွက် အမှုကို အမြန်ဆုံး စစ်ဆေးပြီး ပြန်လည်လွှတ်ပေးစေချင်တယ်လို့ ရွှေစင်ဖူး၊ နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ မနန်းသိန်းအေးရဲ့ အမျိုးသား ဦးထွန်းဝင်းက ပြောပါတယ်။

“ကျနော်တို့မှာ ငွေလွှဲလုပ်ငန်းတခုပဲ ရှိပါတယ်။ ဟိုတယ်လည်းမရှိပါဘူး။ ကာရာအိုကေဆိုင်လည်း မရှိပါဘူး။ လတ်တလောကတော့ သိပ်မကြာသေးဘူးဆိုတော့ မထူးခြားသေးဘူးပေါ့။ ရမန်ပေးထားလား ဘာလား ကျနော်လည်း ယိုးဒယားစကား မတတ်တော့။ ရှေ့နေတယောက်တော့ လိုက်ပေးနေတယ်ပြောတယ်။ အာမခံကတော့ သိရသလောက်တော့ လျှေက်ထားဆဲပဲ ရှိသေးတယ်။ သူတို့က ဘာမှတော့ မပြောသေးပါဘူး။ ကျနော်အနေနဲ့ကတော့ အရမ်းနစ်နာပါတယ်။ မြန်မြန်ဆန်ဆန်စစ်ပြီးတော့ အဖြေပေါ်ပြီး လွှတ်ပေးဖို့တော့ လိုချင်ပါတယ်။” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ ထိုင်းသတင်းတွေမှာ ထုတ်လွှင့်ပြောဆိုနေတဲ့ စိန်၊ ရွှေ၊ ရတနာဆိုင်၊ ဟိုတယ်လုပ်ငန်းတွေရှိတယ်ဆိုတာ စွတ်စွဲချက်သာဖြစ်ပြီး လက်ရှိ ငွေလဲလုပ်ငန်းတခုတည်းသာ လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

မနန်းသိန်းအေးဟာ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှုခံယူရန်အတွက် သွားရောက်စဉ်မှာ ထိုင်းမူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်မှာ သူ့အမျိုးသားအပါအ၀င် လူ ၄ ဦးရှိနေပြီး သူတို့ကိုတော့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ညနေပိုင်းမှာ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

မနန်းသိန်းအေးဟာ အာမခံရရှိဖို့အတွက် ထိုင်းရှေ့နေတစ်ဦးနဲ့ လုပ်ဆောင်နေတာဖြစ်ပေမယ့် အခုအခြေအနေမှာတော့ အမှုတွဲတည်ဆောက်ပြီး ရမန်ယူနေချိန်ဖြစ်တဲ့အတွက် အာမခံရရှိရေးကိစ္စကို ထိုင်းတရားရုံးက လက်ခံခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံထားရဲ့ မနန်းသိန်းအေးရဲ့ မိသားစုဝင်တွေရဲ့ တင်ပြမှုကြောင့် (၉၁)ကြိမ်မြောက် ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းဝေးမှာ တင်ပြခဲ့ပြီး မိသားစုဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်ဆေးသွားဖို့ အစီအစဉ်တွေမရှိသလို အထက်က ညွှန်ကြားထားတာလည်း မရှိဘူးလို့ တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောပါတယ်။

“တာချီလိတ်မြို့ပေါ်မှာတော့ ဒီအမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ကျနော်တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်စပ်မှုတွေ မရှိခဲ့ပါဘူး။ အခြားကိစ္စရပ်တွေ ရှိနေတယ်ဆိုရင်တော့ ကျနောတို့ မဆိုလိုဘူးပေါ့။ ကျနော်သိထားတဲ့ အသိပေါ့။ အဆိုပါမိသားစုနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ်မှု မရှိတဲ့အတွက်ကြောင့်မို့ အရင်ကာလတွေကလည်း လေ့လာတယ်။ အခုကာလမှာလည်း မေးကြည့်တယ်။ အခုကာလကတော့ သူတင်ပြချက်ပေါ်မူတည်ပြီး ကျနော်တို့ မြို့နယ်အဆင့် နယ်ခြားကော်မတီမှာ သူ့ရဲ့နစ်နာမှုကို တင်ပြပေးတာဖြစ်ပါတယ်။ ဒီနေ့အထိ ထိုင်းအစိုးရဘက်ကနေပြီးတော့သော်လည်းကောင်း၊ နီးစပ်နေတဲ့ တာချီလိတ်သူ ဖြစ်တဲ့အတွက်မကြောင့်မို့ တာချီလိတ်နဲ့ ကပ်နေတဲ့ မဲဆိုင်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းကသော်လည်းကောင်း၊ ရဲအဖွဲ့အစည်းကသော်လည်းကောင်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောတာတော့ မရှိဘူး။ ကာယကံရှင်က သူကိုယ်တိုင် သူ့အမျိုးသမီးသည် ဒါမျိုးနဲ့ မဆက်စပ်ပါဘူးလို့ လျှောက်ထားလာတဲ့အတွက်ကြောင့် ကျနော်တို့ နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်နဲ့ မဲဆိုင်နှစ်ခုကြားမှာဖြစ်တဲ့ ကိစ္စရပ်တွေ ဆက်စပ်နေတဲ့အတွက်ကြောင့်မို့ ကျနော် နှစ်နိုင်ငံနယ်ခြားကော်မတီကို လက်ရှိ ဒီဘက်က မြို့သူဖြစ်တဲ့ ကာယကံရှင်ရဲ့ နစ်နာမှုကို ကျနော်တို့ တင်ပြခြင်းဖြစ်ပါတယ်။ မနေ့ကတော့ ကျနော်တို့ အလွတ်ဆွေးနွေးတာပေါ့။ ဆွေးနွေးတဲ့ ကာလမှာတော့ ကျနော်တို့က ကာယကံရှင် ကိုထွန်းဝင်းကနေ တင်ထားတဲ့ အကြောင်းအရာကို ကျနော်တို့က နှုတ်အားဖြင့် ဖတ်ပြလိုက်တာပေါ့။ ဖတ်ပြလိုက်တော့ မနေ့ကတော့ ကျနော်တို့က တကယ်တမ်း အစည်းအဝေးကြီးမှာတော့ မပါသွားဘူး။ ဒီကြားထဲမှာ ကျနော်တို့က မြို့နယ် နယ်ခြားကော်မတီကတဆင့် ထိုင်းနယ်ခြားကော်မတီကို ကျနော်တို့က ကာယကံရှင်တင်ပြချက် မြန်မာစာကို ထိုင်းစာအဖြစ်ပြောင်းပြီး ကျနော်တို့ ပို့ဖို့ ထိုင်းဘက် ဥက္ကဋ္ဌကို ကျနော်တို့ နှုတ်အားဖြင့်တော့ အသိပေးထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ထပ်မံပို့ပေးပါလို့ သူတို့ဘက်ကလည်း လက်ခံထားတာရှိပါတယ်။”

မနန်းသိန်းအေးဟာ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှုခံယူရန်အတွက်သွားရောက်စဉ်မှာ ထိုင်းမူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးချိန်မှာ ၎င်းရဲ့အမျိုးသားအပါအ၀င် လူ ၄ ဦးရှိနေပြီး သူတို့ကိုတော့ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး ညနေပိုင်းမှာ ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

မနန်းသိန်းအေးရဲ့ ငွေလဲလှယ်တဲ့ လုပ်ငန်းဟာ ထိုင်းနိုင်အတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ ငွေကြေးတွေကို သက်ဆိုင်ရာ ငွေလက်ခံသူက ဘဏ်ငွေစာရင်းနဲ့ လာရောက် လွှဲပြောင်းတဲ့အခါ ပြန်လည်ထုတ်ပေးတာဖြစ်ပြီး ထို့အတူ အခြား စီးပွားရေးလုပ်ငန်းရှင်တွေ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေကို အခကြေးငွေယူပြီး ငွေလဲပေးခြင်းသာဖြစ်ပြီး နေစဉ်ငွေလွှဲပြောင်းမှု ပမာဏဟာ ဘတ်သန်း ၁၀ အထက်မှာရှိတယ်လို့လည်း ကာယကံရှင်မိသားစုထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013