DVB Logo
Home
မြန်မာသတင်း
သံမဏီနှင်းဆီဂျာနယ်ထုတ်ဝေသူ အသတ်ခံရမှု ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မှားယွင်းဟု မိသားစုပြော (ရုပ်သံ)
DVB
·
April 22, 2017
သံမဏီနှင်းဆီဂျာနယ်ထုတ်ဝေသူ အသတ်ခံရမှု ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မှားယွင်းဟု မိသားစုပြော (ရုပ်သံ)
Donate to DVB


သံမဏီနှင်းဆီဂျာနယ်ထုတ်ဝေသူ အသတ်ခံရမှုမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ အချက်အလက်တွေ မှားယွင်းနေတယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီဖြေရှင်းချက်ကိုတော့ Yangon Police ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်ပြီးနောက် ဧပြီ ၂၁ ရက်နေ့ ညဦးပိုင်းမှာ မိသားစုဝင်တွေက မီဒီယာတွေထံ ပြန်လည်ဖြေရှင်းခဲ့တာပါ။

Yangon Police facebook စာမျက်နှာမှာ ဖော်ပြထားတဲ့ ပြစ်မှုကျူးလွန်သူ ကိုအောင်ကိုကိုဟာ အခင်းဖြစ်ပွားရာနေရာကို လာပြီး သေဆုံးသူ ကိုဝေယံဟိန်းနဲ့ စကားများပြီး အသင့်ရှိဓားနဲ့ ထိုးသတ်ခဲ့တယ်လို့ ဖော်ပြချက်အပါအ၀င် အချက်အလက်တချို့ဟာ မှားယွင်းနေတယ်လို့ သေဆုံးသူရဲ့ ဖခင်က ဆိုပါတယ်။

သေဆုံးသူရဲ့ ဖခင် ဦးစိန်အုပ်က “အခင်းဖြစ်တဲ့ကိစ္စမှာ တယောက်ချင်းဖြစ်တယ်ဆိုတဲ့ သဘော သူတို့ရေးထားတာ။ ဒါပေမယ့် ကျနော့်သား ဝေယံဟိန်းက အရပ် ၆ ပေ ကျော်တယ်။ ဗလ လည်းရှိပါတယ်။ တယောက်ချင်းဆိုရင် အနည်းဆုံး ရုန်းရင်းဆန်ခတ်တော့ ဖြစ်ရမယ်။ သူ့ကိုယ်သူ တော့ အလကားနေရင်း အချက်ပေါင်းများစွာ အထိုးမခံဘူးလေ။ လူပဲ အသက်နဲ့ ပတ်သက်တာလေ။ သူက နောက်ပြီး ချက်ချင်းသေတဲ့နေရာ ထိုးတာမဟုတ်ဘူးလေ။ အဲဒီတော့ သူခုခံကာကွယ်မှာပဲ ဘယ်လိုပဲဖြစ်ဖြစ်။ ခုနပြောတဲ့ မိန်းမကိစ္စဖြစ်ပါစေ။ ကျနော်က သူကျူးလွန်လို့ သူဖြစ်တယ်ဆိုရင် ကျနော်လက်ခံတယ်။ ဒါပေမယ့် ဒီဟာက တယောက်တည်းဆိုတာ ကျနော်တို့က လက်မခံနိုင်တဲ့ သဘောဖြစ်တယ်” လို့ ပြောပါတယ်။

အခုလို အချက်အလက်မှားယွင်းမှုနဲ့ ပတ်သက်ပြီး သေဆုံးသူမိသားစုဝင်တွေက သက်ဆိုင်ရာ ရဲစခန်းနဲ့ တာဝန်ရှိသူတွေထံ သွားရောက်မေးမြန်းခဲ့ရာ ကျူးလွန်သူရဲ့ ထွက်ဆိုချက်အတိုင်းသာ သတင်းထုတ်ပြန်ခဲ့တာလို့ ပြန်လည်း ဖြေရှင်းကြောင်း ဦးစိန်အုပ်က ပြောပါတယ်။

“သမီးဖြစ်တဲ့သူက ပုစွန်တောင်ရဲစခန်းကို သွားတယ်။ ရဲစခန်းကိုသွားပြီးတော့ မြို့နယ်မှူးနဲ့ တွေ့တယ်။ မြို့နယ်မှူးနဲ့ တွေ့တဲ့အခါကျတော့ အခုတင်လိုက်တဲ့သတင်းက တရားခံပြောတာကို တင်တာလား၊ အမှန်စိစစ်ပြီးမှ တင်တာလား ဒီလိုသွားမေးတယ်။ သွားမေးတော့ မြို့နယ်မှူးက မသိဘူးတဲ့။ အဲဒါနဲ့ ဒုစခန်းမှူးနဲ့ တွေ့တဲ့အခါကျတော့ သူက တရားခံထွက်ဆိုချက်ကို တင်တာတဲ့။ တရားခံထွက်ဆိုချက်ဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးပြောမှာပဲ။ ကိုယ့်အပြစ်ပေါ့အောင်ပေါ့နော်။ ဒီဟာက အမှန်ကတော့ သေချာစစ်ဆေးပြီးမှ တင်သင့်တဲ့ ကိစ္စပေါ့နော်။”

သံမဏီနှင်းဆီဂျာနယ်တိုက်အတွင်း ဧပြီ ၁၆ ရက်နေ့က ထုတ်ဝေသူ ကိုဝေယံဟိန်း ဓားဒဏ်ရာတွေနဲ့ သေဆုံးရခြင်းမှာ သင်္ဘောသားတဦးရဲ့ ဇနီးနဲ့ လူမှုရေး ဖောက်ပြန်ခဲ့တာကြောင့် စကားများရာက ဓားထိုးခံရတာဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည့်ဘုန်းအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013