
ဧရာဝတီတိုင်းမှာ ရုတ်တရက် ကွမ်းသီးအနုဈေးများစွာ ဈေးကျဆင်းသွားလို့ စိုက်ပျိုးသူတွေနဲ့ အရောင်းအဝယ် လုပ်သူတွေပါ အခက်အခဲဖြစ်နေတယ်လို့ ကွမ်းသီး ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဧပြီလနဲ့ မေလက ကွမ်းသီးအနုတပိဿာ ကျပ် ၁၄၅၀၀ အထိ ဈေးပေါက်ခဲ့ပြီး ဇွန်လ ပထမအပတ်ကစတင်ကာ ဈေးကျလာတာဖြစ်ပြီး လက်ရှိ ကွမ်းသီးအနု ၁ ပိဿာ ကျပ် ၅၅၀၀ အထိသာ ဈေးရှိတော့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ကွမ်းသီးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် တယောက်က “တရုတ်ဈေးကွက်က ကွမ်းသီးနုကို ကုန်ချိန်များများ လိုရင်လိုသလို ဈေးပေးပါတယ်။ မလိုအပ်ရင် ကုန်ချိန်လည်း လျှော့ချလိုက်သလို ဈေးပါနှိမ့်ချလိုက်တာ။ အခု ဈေးလည်းမပေးတော့သလို ကွမ်းသီးကိုလည်း စံချိန် သတ်မှတ်ချက်တခုထားပြီး ဝယ်နေတယ်။ ကွမ်းသီးနုရဲ့အဓိက ဈေးကွက်က တရုတ်လေ”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ကွမ်းသီးအနုတွေကို ပြည်ပဈေးကွက် ဖြစ်တဲ့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ကွမ်းသီးအနုဈေးကွက် မတည်မငြိမ် ဖြစ်နေတာကြောင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အရှုံးပေါ်နေတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ်က ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “တပိဿာကို ကျပ် ၁၄,၅၀၀ နဲ့ ဝယ်မိတာ။ ပြန်သွင်းရတော့ တပိဿာ ၅,၀၀၀ ကျော်နဲ့ပဲ သွင်းရတော့ အရှုံးပြသွားတယ်။ ဈေးက အဆမတန်ထိုးကျနေတော့ ရောင်းပေးသူတောင် မရှိသလောက် ဖြစ်နေပါတယ်။ ဒီတပတ်အတွင်း ၁၆ သိန်းလောက် အရှုံးပေါ်ခဲ့တယ်”လို့ ပြောပါတယ်။
ကွမ်းသီးနုဈေးကွက် မတည်မငြိမ်ဖြစ်နေတာဟာ ဒေသထွက်ကုန်တခုဖြစ်ပေမဲ့ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းမရှိတာနဲ့ တရုတ်ဘက်က သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းသာ ဝယ်ယူနေရခြင်းကြောင့်ဖြစ်ပြီး အရင်က တရက်တာ ပိဿာချိန် သိန်းချီအရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ လက်ရှိတော့ ပိဿာချိန် ထောင်ဂဏန်းအထိပဲ အရောင်းအဝယ် ဖြစ်တော့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်ဘက်က ဈေးနှိမ်ဝယ်ယူနေတဲ့အပြင် ကွမ်းသီးအနုအရည်အသွေးကိုလည်း အရင်ထက် ပိုတင်းကျပ်လာပြီး သတ်မှအရည်အသွး မမီတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်သီးတွေ ထုတ်တာများလာတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ကွမ်းသီးအနုရောင်းဝယ်ရေး ပွဲရုံ လုပ်ငန်းရှင်တွေက ဆိုပါတယ်။










