
ချဲလ်ဆီးအသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၈ ခုနှစ်ကြား ကစားသမား အပြောင်းအရွှေ့တွေမှာ တရားမဝင် ကိုယ်စားလှယ်တွေနဲ့ တတိယအဖွဲ့အစည်းတွေကို လျှို့ဝှက်ငွေပေးချေမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်ဒဏ်ကြေး ပေါင် ၁၀ ဒသမ ၇၅ သန်း ချမှတ်ခံလိုက်ရပါတယ်။
ဒါ့အပြင် ဆိုင်းငံ့လူသစ်ဝယ်ယူခွင့် ပိတ်ပင်မှုကိုပါ ရရှိခဲ့တာပါ။ အဆိုပါကာလအတွင်း ပေါင် ၄၇ ဒသမ ၅ သန်းတန်ဖိုးရှိတဲ့ လျှို့ဝှက်ငွေပေးချေမှု ၃၆ ကြိမ် ပြုလုပ်ခဲ့ပြီး အီဒင်ဟာဇက်၊ ဝီလီယံ၊ အီတူး၊ ဒေးဗစ်လူးဝစ်၊ ရာမိရက်စ်နဲ့ မာတစ်တို့ရဲ့ အပြောင်းအရွှေ့တွေမှာ ပါဝင်ပတ်သက်နေပါတယ်။
ချဲလ်ဆီးဟာ ဒီကစားသမားတွေနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၆ လုံးအထိ ရရှိခဲ့တာပါ။
ပိုင်ရှင်သစ် BlueCo အဖွဲ့က အမှားတွေကို ကိုယ်တိုင်ဝန်ခံပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် ရမှတ်လျှော့ခံရမဲ့ ဘေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးဟာ အကယ်ဒမီကစားသမားသစ် ခေါ်ယူခွင့်ကို ၉ လ ပိတ်ပင်ခံထားရသလို FA ရဲ့ စွဲချက် ၇၄ ခုကိုလည်း ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။










