
ချီလီနိုင်ငံ အလယ်ပိုင်းမှာ မိုးလေဝသအခြေအနေ ဆိုးရွားခဲ့တာကြောင့် သောက်သုံးရေ ပြတ်တောက်မှုနဲ့ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၃ ယောက် သေဆုံးကာ ၄ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရက ဇူလိုင် ၂၂ ရက်မှာ ပြောပါတယ်။
ကိုကွင်မ်ဘိုဒေသတွင်း မြို့အတော်များများမှာ သောက်သုံးရေ ပြတ်တောက်နေတယ်လို့ အမျိုးသား ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးဌာနက ပြောကြားလိုက်ပြီး လာစယ်ရီးနားမြို့မှာ ဒေသခံတွေ သောက်သုံးရေရဖို့ ဇူလိုင် ၂၃ ရက်မှာ ရေသယ်ယာဉ် အစီး ၅၀ ထိ စေလွှတ်ပေးသွားမယ်လို့ ဆိုပါတယ်။ သောက်သုံးရေ မရတာ ၅ ရက်ရှိပြီလို့ ဒေသခံတယောက်က ပြောပါတယ်။
ရေပြတ်တောက်မှု ကြုံနေရသူတွေကို ကူညီပေးတဲ့အနေနဲ့ ကိုကွင်မ်ဘိုမြို့က မိုတယ်တခုဟာ ဗုဒ္ဓဟူးနေ့မှာ တံခါးဖွင့်ပေးပြီး ဒေသခံတွေကို အခမဲ့ ရေချိုးခွင့်ပေးခဲ့တာကြောင့် အွန်လိုင်းမှာ လူကြိုက်များ ရေပန်းစားသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီမိုတယ်ကို မုန်တိုင်းဒဏ်ခံရသူတွေအတွက် လှူဒါန်းပစ္စည်းတွေ စုဆောင်းရာနေရာ အဖြစ်လည်း အသုံးပြုခဲ့တယ်လို့ ချီလီ မီဒီယာတွေက ဖော်ပြပါတယ်။
ချီလီအစိုးရဟာ အလယ်ပိုင်း ကိုကွင်မ်ဘိုဒေသနဲ့ အာတာကာမ မြောက်ပိုင်း ဟွာစ်ကိုခရိုင်တို့ကို အရေးပေါ် အကူအညီ လိုအပ်နေတဲ့ ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာထားပါတယ်။
အဲဒီဒေသကို ချီလီမြောက်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ ရူတာ ၅ နော့တေး ပင်မလမ်းမကြီးရဲ့ ကော့ပီယာပိုလမ်းပိုင်းနဲ့ အာတာကာမဘက်က လမ်းပိုင်းတချို့ဟာ မုန်တိုင်းအပြီး ရှင်းလင်းရေး လုပ်တာနဲ့ ပျက်စီးမှု စစ်ဆေးနေတာကြောင့် ကြာသပတေးနေ့မှာ ပိတ်ထားခဲ့ရတယ်လို့ ချီလီမီဒီယာတွေက ဖော်ပြပါတယ်။
ချီလီမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မိုးလေဝသအခြေအနေ ဆိုးရွားနေတာဖြစ်ပြီး ကြာသပတေးနေ့မှာ အလယ်ပိုင်းဇုန်ဘက်ကို နောက်ထပ် မုန်တိုင်းတခု ရောက်ရှိလာတော့မယ်လို့ မက်ထရိုချီလီ မိုးလေဝသဌာနက ပြောပါတယ်။
“ဒါပေမဲ့ ပါလာတဲ့ လေထုစိုထိုင်းဆ မြင့်မားတဲ့စီးကြောင်းဟာ အရှိန်မြန်မြန် လျော့နည်းသွားမှာမို့ မျှော်မှန်းထားတဲ့ မိုးရေချိန်က ပုံမှန်ပမာဏအတွင်းမှာပဲ ရှိနေပါလိမ့်မယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မုန်တိုင်းအသစ် မရလာခင်မှာ ကိုကွင်မ်ဘိုကနေ အိုင်ဆန်အထိ တောင်တန်းဒေသတွေမှာ နှင်းကျနိုင်တယ်လို့ မက်ထရိုချီလီက သတိပေးထားပါတယ်။
ကိုကွင်မ်ဘိုမှာ ဆီးနှင်း ၁၀ စင်တီမီတာကနေ ၂၀ စင်တီမီတာအထိ၊ အိုင်ဆန်မှာ စင်တီမီတာ ၂၀ ကနေ ၃၀ အထိ စုပုံကျဆင်းနိုင်တယ်လို့ အင်စတာဂရမ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters











