
အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲမှုဟာ အသက်ငင်နေပြီး အသက်ကယ်အထောက်အကူ အကြီးအကျယ် ပေးထားရတဲ့ အခြေအနေရောက်နေပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အပစ်ရပ်မှုဟာ လက်ရှိမှာ တည်ရှိနေသေးပေမဲ့ "မယုံနိုင်လောက်အောင် အားနည်းနေတယ်" လို့ ထရမ့်ပ်က မေ ၁၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘတ်ဖ်ကတော့ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဘယ်လို ကျူးကျော်မှုမျိုးကိုမဆို သင်ခန်းစာပေးဖို့ အသင့်ရှိနေတယ်လို့ X လူမှုကွန်ရက်ကနေ တုံ့ပြန် ပါတယ်။
အီရန်ဘက်က စစ်ပွဲအဆုံးသတ်ဖို့ အချက် ၁၄ ချက်ပါ တောင်းဆိုချက်တွေကို မေ ၁၀ ရက်မှာ ပေးပို့ ခဲ့ပေမဲ့ ဒေါ်နယ်ထရမ့်ပ်က ဒါကို "အမှိုက်စတစ်စ" လို့ သုံးနှုန်းပြီးတော့ ပယ်ချခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါရီကတော့ သူတို့ရဲ့ ကမ်းလှမ်းချက်တွေဟာ တာဝန်ယူမှုရှိပြီး ရက်ရောတဲ့ ကမ်းလှမ်းချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးလို့လည်း ဂါလီဘတ်ဖ်က ပြောပါတယ်။
အီရန်ရဲ့ ကမ်းလှမ်းချက်မှာ စစ်ပွဲကို ချက်ချင်းရပ်ဖို့၊ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုကို ရုတ်သိမ်း ပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးခွင့်ရဖို့ ပါဝင်နေပါတယ်။
ဒါပေမဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကတော့ နျူကလီးယား ထုတ်လုပ်နိုင်တဲ့ ယူရေနီယံ သိုလှောင်မှုတွေကို မဖယ်ရှားမချင်း စစ်ပွဲပြီးဆုံးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
လက်ရှိမှာ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ထားတဲ့အတွက် ကမ္ဘာ့ရေနံ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် ဧပြီလ ကမှ အပစ်အခတ်ရပ်စဲထားတာဖြစ်ပါတယ်။
Source:Reuters










