DVB Logo
Home
အားကစား
ကမ္ဘာ့ဖလား တတိယနေရာလုပွဲ ရှိသင့်သလား၊ ဖျက်သိမ်းသင့်ပြီလား
DVB
·
July 18, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပြင်သစ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ဟာ ကမ္ဘာ့ဖလား ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလို ဆီးဖိုင်နယ်မှာ ပြိုင်ဘက်အသင်းတွေကို ကိုယ်စီရှုံးခဲ့လို့  ၂ သင်းစလုံး စိတ်ထိခိုက်ကြေကွဲပြီး ပြန်လည် ကုစားနေတုန်းမှာ တတိယနေရာလုပွဲကို ဇူလိုင် ၁၉ ရက် မြန်မာစံတော်ချိန် မနက် ၃ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြရမှာပါ။ 

ပရိတ်သတ်တွေအတွက်လည်း ဒီ ၂ သင်းကန်မဲ့ပွဲက  အရင်ပွဲတွေလို အကြိတ်အနယ် ခြေကုန်ထုတ်ပြီး ကစားပါမလားဆိုတာ သံသယ ဖြစ်စေပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ပြိုင်ပွဲတလျောက် စိတ်အပင်ပန်းဆုံ ဖြစ်နေတဲ့ အသင်း ၂ သင်းကို ရွေးပြီး  (ရှုံးတဲ့သူ ၂ ခါနာစေမဲ့) တတိယနေရာ ထပ်လုခိုင်းနေတာဟာ "စိတ်ပိုင်းဆိုင်ရာ ညဉ်းဆဲမှု" များ ဖြစ်နေမလား။ 

"ဒဏ်ရာပေါ် ဆားနဲ့ပက်သလို" ကစားသမားတွေ ဘာပြောကြလဲ

ပြင်သစ်နောက်ခံလူ အီဘရာဟီမာ ကိုနာတေးက အင်္ဂလန်နဲ့ ကစားရမဲ့ ကမ္ဘာ့ဖလား တတိယနေရာလုပွဲကို ဘယ်သူမှ မကစားချင်တဲ့ပွဲလို့ ပြောထားပါတယ်။ ကိုနာတေးရဲ့ ဒီပြောဆိုချက်ဟာ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးမှာ ဗိုလ်လုပွဲမတက်နိုင်ဘဲ တတိယနေရာအတွက် ကစားရတာဟာ ကစားသမားတွေအတွက် စိတ်ပျက်စရာကောင်းတယ်ဆိုတာကို ထင်ဟပ်စေ ပါတယ်။ ကစားသမား တိုင်းဟာ ဗိုလ်လုပွဲကိုသာ မျှော်မှန်းထားတာကြောင့် ဒီလိုပွဲမျိုးက စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ခက်ခဲစေပါတယ်။ အတိတ်က ကမ္ဘာ့ဖလား တတိယနေရာလုပွဲ တွေမှာလည်း နာမည်ကြီး ကစားသမားတွေက ဒါကို အပြင်းအထန် ဝေဖန်ခဲ့ဖူးပါတယ်။

နယ်သာလန် ဂန္ထဝင်တိုက်စစ်မှူး အာဂျန် ရော်ဘင်က "တတိယနေရာလုပွဲဆိုတာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ခင်ဗျားတို့ ပြိုင်ပွဲတလျှောက်လုံး အကောင်းဆုံး ကစားလာပြီးမှ ရွှေဖလားနဲ့ လွဲချော်သွားတဲ့စိတ်ပျက်မှုကို ရင်ဆိုင်နေရချိန်မှာ ဒီပွဲကို ထပ်ကစားခိုင်းတာဟာ ကစားသမားတွေကို နှိပ်စက်တာပါပဲ”လို့ပြောပါတယ်။

၂၀၁၄ ခုနှစ် ဘရာဇီးကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ပြီး တတိယနေရာလုပွဲမှာ ဘရာဇီး မကစားခင် နာရီပိုင်းအလိုမှာ ရော်ဘင် ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံ တိုက်စစ်မှူး အီဒင် ဟာဇက်ကလည်း "ဒီပွဲကို မကစားချင်ပါဘူး။ ဘယ်ကစားသမားမှလည်း တတိယနေရာအတွက် မကစားချင်ကြဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်တွေနဲ့ စပွန်ဆာတွေအတွက်တော့ ဒါက ပိုက်ဆံရမဲ့ ပွဲတပွဲ ဖြစ်နေတာပေါ့" လို့ ဒဲ့ပြောခဲ့ဖူးပါတယ်။

၂၀၁၈  ရုရှားကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပြင်သစ်ကို တဂိုးတည်းနဲ့ ကပ်ရှုံးပြီး တတိယနေရာလုပွဲမှာ အင်္ဂလန်နဲ့ မကန်ခင် ပြောခဲ့တာပါ။

တခြား အားကစားနည်းတွေနဲ့ မတူတဲ့ ကမ္ဘာ့ဖလားရဲ့ ရက်စက်မှုလား

အိုလံပစ်ပြိုင်ပွဲတွေ ဒါမှမဟုတ် တခြားအားကစားနည်းတွေမှာ တတိယနေရာရရင် "ကြေးတံဆိပ်" ရတာမို့ ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ သဘာဝကတော့ "Winner takes all" ဗိုလ်စွဲတဲ့သူပဲ အရာရာကို ရယူတာ ဖြစ်ပါတယ်။

ယူရို (UEFA Euro) ပြိုင်ပွဲမှာတောင် ၁၉၈၄ ခုနှစ်ကတည်းက တတိယနေရာလုပွဲကို အဓိပ္ပာယ်မရှိဘူး ဆိုပြီး ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာတော့ ဖီဖာ (FIFA) က ရုပ်သံမူပိုင်ခွင့် ဝင်ငွေနဲ့ စပွန်ဆာဝင်ငွေတွေ လျော့မသွားစေဖို့အတွက် ဒီပွဲကို ဆက် ထိန်းသိမ်းထားတာလို့ ကမ္ဘာ့အားကစား မီဒီယာကြီးတွေဖြစ်တဲ့ The Telegraph နဲ့ ESPN တို့က ထောက်ပြထားကြပါတယ်။

သမိုင်းတလျှောက် ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွေကို ကြည့်မယ်ဆိုရင် ပွဲအရှိန်အဟုန်ဟာ သာမန်ပွဲတွေထက် အများကြီး လျော့နည်းနေတတ်တာကို တွေ့ရတတ်ပါတယ်။

နည်းပြတွေက ဒဏ်ရာရမှာစိုးလို့ အဓိက ကစားသမားတွေကို အနားပေးပြီး အရန်ကစားသမားတွေကို သုံးတာတွေ ရှိပါတယ်။ နှစ်ဖက်စလုံးက ဖိအားမရှိဘဲ ကစားကြတာကြောင့် ဂိုးတွေ အများကြီး ပေးရ၊ သွင်းရလေ့ရှိပြီး ပုံမှန် ပွဲကြီးပွဲကောင်းတွေလို ဗျူဟာမြောက် ကစားကွက်တွေကို မြင်တွေ့ရလေ့ မရှိပါဘူး။

ပြင်သစ်နဲ့ အင်္ဂလန်တို့လို ကမ္ဘာ့အဆင့် အသင်းကြီးတွေအတွက် ကမ္ဘာ့ဖလားမှာ "တတိယ" ရတာ၊ "စတုတ္ထ"ရတာဟာ ဘာမှ ကွာခြားမှုမရှိပါဘူး။ သူတို့ ၂ သင်းရဲ့ ရည်မှန်းချက်က ချန်ပီယံဆု ဖြစ်ခဲ့လို့ပါ။ ဖီဖာရဲ့ စီးပွားရေးအမြတ်အစွန်းကလွဲရင် အားကစားစိတ်ဓာတ်နဲ့ လုံးဝ မကိုက်ညီတော့ပါဘူး။ ယူရိုပြိုင်ပွဲလိုပဲ ကမ္ဘာ့ဖလားမှာလည်း ဒီပွဲစဉ်ကို ရဲရဲဝံ့ဝံ့ ဖျက်သိမ်းပစ်ဖို့ အချိန်တန်ပြီလား။

ဘောလုံးဝါသနာရှင်  ပရိသတ်အပေါင်းတို့ရော ဘယ်လိုမြင်ကြပါလဲ။  အရှုံးသမား ၂ သင်းရဲ့ ဒဏ်ရာကို ဆားနဲ့ ထပ်ပက်တဲ့ ပွဲစဉ်မို့ ဖျက်သိမ်းသင့်ပြီလား။  ပြင်သစ်နဲ့ အင်္ဂလန်အသင်းတို့ တတိယနေရာလုကြမဲ့ ပွဲစဉ်မှာ ဘယ်အသင်းဘက်ကနေ အားပေးမကြမလဲ သဘောထားအမြင်တွေ Comment box မှာ ဆွေးနွေးရေးထားခဲ့နိုင်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013