
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ စတိုးဆိုင်တဆိုင် ဒီနေ့ အောက်တိုဘာ ၂၁ ရက် နေ့လယ် ၂ နာရီလောက်မှာ ဓားပြတိုက်ခံရပြီး လူငယ်တယောက် အသတ်ခံရတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက် အရ သိရပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ စတိုးဆိုင်တဆိုင်အတွင်းကို အမျိုးသား ၄ ယောက်က ဝင်ရောက်ကာ ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
အနီးဝန်းကျင် နေထိုင်သူတယောက်က “အဲဒီအချိန် လူတွေက မပြတ်ဘူး၊ သွားလာနေကြတာ၊ နေ့ခင်းကြောင်တောင်ကြီး။ အရှေ့ကနေ ဝင်တာ မဟုတ်ဘူး၊ အနောက်ဘက်ကနေ ဝင်တာ။ ကောင်လေးက ထလည်းအော်ရော လည်ပင်းလှီးပြီး သတ်လိုက်တာ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာ ရတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ကောင်လေးက အသက် ၂၄ နှစ်သာ ရှိသေးပြီး ဂျပန်သွားဖို့ စောင့်ဆိုင်းနေသူလို့ သိရပါတယ်။
လက်ရှိမှာ ကျူးလွန်သူ ၄ ယောက်အနက် တယောက်ကိုသာ ဖမ်းဆီးရမိထားပြီး ကျန် ၃ ယောက်မှာ လွတ်မြောက်နေဆဲဖြစ်ကာ အပူတပြင်း ရှာဖွေနေတယ်လို့ သိရပါတယ်။











