
အင်ဒိုနီးရှားအရှေ့ပိုင်းကမ်းလွန်မှာ ဩဂုတ် ၁၅ ရက် မနက်အစောပိုင်းက ပြင်းအား ပမာဏ ၇ ဒသမ၇ ရှိတဲ့ ငလျင်နဲ့ နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး တယောက် ဒဏ်ရာရသွားတယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ (BNPB) က ထုတ်ပြန်ပါတယ်။
ငလျင်လှုပ်ပြီးပြီးချင်းမှာပဲ ဒေသတချို့မှာ ၃ ပေအောက် ဆူနာမီလှိုင်းတိုတွေ တက်လာတာ ကြုံခဲ့ရပေမဲ့ ၃ နာရီလောက်အကြာမှာတော့ ထုတ်ပြန်ထားတဲ့ ဆူနာမီ သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ပထမဆုံး ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၄ နာရီ ၅၈ နာရီမှာ အနက် ၁၅ ကီလိုမီတာ (၉ မိုင်) ကို ဗဟိုပြုပြီး လှုပ်သွားတာဖြစ်ပြီး၊ အဲဒီနောက်မှာလည်း နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တယ်လို့ BMKG က မှတ်တမ်းတင်ထားပါတယ်။
အရှေ့နူဆာတန်ဂါရာ၊ အနောက်နူဆာတန်ဂါရာနဲ့ တောင်ဆူလာဝေစီ ဒေသအတော်များများမှာ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။
နာဂီကီအိုနဲ့ ဘီမာလို ဒေသတွေမှာ ငလျင်ဒဏ်ကို ၁ မိနစ်နီးပါးလောက် ပြင်းပြင်းထန်ထန် ခံစားခဲ့ ရတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဒိုဒီယူးလီအိုဗာက ပြောပါတယ်။
အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့ အင်ဒိုနီးရှားအရှေ့ပိုင်း ဖလောရက်စ်ကျွန်း၊ ဆစ်ကာခရိုင်ရဲ့ ပင်မမြို့ ဖြစ်တဲ့ မူမာရီမြို့မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူတွေကို ကူညီဖို့နဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ အပြိုင်အဆိုင် ကြိုးစားနေကြရတာကို သတင်းရုပ်သံတွေမှာ တွေ့ရပါတယ်။
မူမာရီမြို့က သင်္ဘောဆိပ်မှာ အဆောက်အအုံတခု ပြိုကျပျက်စီးသွားခဲ့ပြီး လူတွေ ကြောက်လန့် အော်ဟစ်ကာ လမ်းပေါ်ပြေးထွက်လာတာကို မြင်တွေ့ခဲ့ရပါတယ်။
ပြိုကျသွားတဲ့ အဆောက်အအုံ အပျက်အစီးတွေကို ကယ်ဆယ်ရေးသမားတွေက လွှနဲ့ဖြတ်ပြီး ရုပ်အလောင်းတလောင်း ထုတ်ယူနေတာကို တွေ့ရပါတယ်။
အန်ဒီခရိုင်မှာလည်း ငလျင်လှုပ်ချိန်မှာ ဆေးရုံက လူနာတွေကို အပြင်ကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။
Source:Reuters











