DVB Logo
Home
မြန်မာသတင်း
ရခိုင် ၃ မြို့နယ်တွင် ကျောင်းနှင့်ရုံးများပိတ်၊ ဒေသခံများအား အရေးပေါ်ပြောင်းရွှေ့ရန် စီစဉ်
DVB
·
August 25, 2017
ရခိုင် ၃ မြို့နယ်တွင် ကျောင်းနှင့်ရုံးများပိတ်၊ ဒေသခံများအား အရေးပေါ်ပြောင်းရွှေ့ရန် စီစဉ်
Donate to DVB

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲက နယ်ခြားစောင့်ရဲစခန်းတွေနဲ့ တပ်မတော် တပ်ရင်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် ဒီနေ့ သြဂုတ် ၂၅ ရက် မနက်ပိုင်းစပြီး စာသင်ကျောင်းတွေအားလုံးနဲ့ အစိုးရရုံးတွေကို ပိတ်ထားလိုက်ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင် ဆက်သွယ်တဲ့လမ်းကိုလည်း ယာယီပိတ်ထားလိုက်ပြီး စိုးရိမ်ရတဲ့နေရာတွေကို တပ်မတော်စစ်ကြောင်းတွေ ပို့ဆောင်နေပြီလို့ လုံခြုံရေးတာဝန်ခံအရာရှိက ပြောပါတယ်။

“တောင်ဘဇာမှာ စိုးရိမ်ရတယ်လို့ ပြောတာနဲ့ အခုစစ်ကြောင်းတွေတက်နေပါပြီ။ ဆရာဆရာမတွေကို စုရပ်ပို့ပြီး ပြန်ပို့ဖို့ စီစဉ်ပေးထားပြီ။ လူနည်းစုတိုင်းရင်းသားရွာတွေကိုလည်း စုပြီး လုံခြုံတဲ့နေရာပို့နိုင်အောင် လုပ်ထားတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီး အရပ်ကင်းတွေ ချဖို့ လုပ်ထားပါတယ်” လို့ ပြောပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှာလည်း မိုင်း ၅ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်သူမရှိခဲ့ဘူးလို့ အုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်ကပြောပါတယ်။

“မနက် ၂ နာရီကျော်လောက်မှာတလုံးပါ။ သုံးနာရီလောက်မှာ တလုံးပါ၊ အလယ်ရွာမှာ ကွဲပါတယ်။ ကြိမ်ချောင်း တောင်ပြိုလမ်းမကြီးပေါ်မှာ တလုံးကွဲပါတယ်။ ရဲစခန်းဝင်လမ်းမှာ တလုံးကွဲတယ်။ အထကကျောင်းရှေ့မှာ တလုံးနဲ့ တိုက်နယ်ဆေးရုံနားမှာ တလုံးကွဲပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။ နောက်ဆုံးကွဲတဲ့ တိုက်နယ်ဆေးရုံရှေ့ မိုင်းကွဲတဲ့ နေရာမှာတော့ သွေးစတွေ တွေ့တဲ့အတွက် ဒဏ်ရာရသူရှိနိုင်မယ်ထင်တယ်။ ဒါပေမယ့် လူကိုမတွေ့ရဘူး" လို့ ကြိမ်ချောင်း အုပ်ချုပ်ရေးမှူးကပြောပါတယ်။

အလယ်သံကျော်ကျေးရွာမှာလည်း မနက်စောစောပိုင်းအထိ ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်မှုတွေရှိနေပြီး အလယ်သံကျော်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ လ၀က အရာရှိတဦး ကျဆုံးခဲ့ပါတယ်။

အလယ်သံကျော်ကျေးရွာက ကိုညိုသီးက “မိန်းမတွေ ကလေးတွေကိုတော့ နယ်ခြားစောင့်နယ်မြေစခန်းထဲမှာ ပို့ပေးထားပါတယ်။ ယောက်ျားတွေက ရွာမှာပြန်ပြီး ကင်းစောင့်နေတယ်။ ပစ်ခတ်သံတွေက အခုထိ ကြားနေတုန်းပါ” လို့ မနက် ၇ နာရီလောက်က မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ဒီမနက်အရုဏ်မတက်ခင် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက ရဲကင်း၊ ရဲစခန်းတွေကို တချိန်တည်း တိုက်ခိုက်ခဲ့တာကြောင့်  ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး ပေါင်း ၉ ဦးကျဆုံး၊ လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ-ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013