မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်က ကမ်းရိုးတန်းရွာတရွာမှာ ဧပြီ ၁၉ ရက်က မီးလောင်မှုကြောင့် အိမ်ခြေ ၁,၀၀၀ လောက် ပျက်စီးသွားပြီးတဲ့နောက် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ ဆန်ဒါကန်ခရိုင်မှာ မီးလောင်နေတာကို အာဏာပိုင်တွေဆီ အကြောင်းကြားခဲ့တယ်လို့ ခရိုင်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန အကြီးအကဲ ဂျင်မီ လာဂွန်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
လေပြင်းတိုက်ခတ်တာနဲ့ အိမ်တွေအချင်းချင်း နီးကပ်နေတာကြောင့် မီးက အမြန်ပျံ့နှံ့သွားပြီး ရေနည်းတဲ့ အခြေအနေကြောင့်လည်း မီးငြှိမ်းဖို့ ရေအရင်းအမြစ်ရရှိရေးက ခက်ခဲစေတယ်လို့ လာဂွန်က ပြောပါတယ်။
မီးလောင်ပြင်နားက ရွာတွေမှာ အိမ်တွေကို သစ်သားတိုင်တွေနဲ့ ဆောက်လုပ်ထားပြီး နိုင်ငံမဲ့နဲ့ ဌာနေတိုင်းရင်းသား အုပ်စုများစွာ အပါအဝင် နိုင်ငံရဲ့ အဆင်းရဲဆုံး အသိုင်းအဝိုင်းတချို့ နေကြပါတယ်။
မီးလောင်မှုကြောင့် ဒေသခံ အယောက် ၉,၀၀၀ ကျော် ထိခိုက်ခဲ့ရပေမဲ့ သေဆုံးသူ မရှိဘူးလို့ စန်ဒါကံရဲတပ်ဖွဲ့ကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာန Bernama က ဖော်ပြပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်က ပြည်ထောင်စုအစိုးရဟာ ထိခိုက်သူတွေအတွက် အခြေခံအကူအညီတွေ ပေးဖို့နဲ့ ယာယီနေရာဆီ ပြောင်းရွှေ့ဖို့ ဆာဘားအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
Source: Reuters











