DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် မြန်မာ့တပ်မတော်နှင့် တီအန်အယ်လ်အေ တိုက်ပွဲဖြစ်၊ ရွာသား ၄ ဦး ဒဏ်ရာရ
DVB
·
August 13, 2017
နမ့်ခမ်းတွင် မြန်မာ့တပ်မတော်နှင့် တီအန်အယ်လ်အေ တိုက်ပွဲဖြစ်၊ ရွာသား ၄ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ ကောင်းဝိုင်းကျေးရွာမှာ ဒီကနေ့မနက် ၅ နာရီခွဲလောက်က မြန်မာ့တပ်မတော် နဲ့ တီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၄ ဦး  လက်နက်ကြီးကျည်သင့် ဒဏ်ရာတွေရပြီး ကျန်တဲ့ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။

နမ့်ခမ်းမြို့နယ် တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ကျော်က “တီအန်အယ်လ်အေက ရွာထဲဝင်လာတော့ အစိုးရတပ်က ဒီမနက်သူတို့ကို လာတိုက်တယ်၊ ကျည်ဆန်တွေ အိမ်ကိုထိတော့ အိမ်ခြေ ၁၀ လုံးလောက်ပျက်စီးသွားတယ်။ အိမ်ထဲမှာ ပုန်းနေတဲ့ လူတွေလည်း လက်နက်ထိပြီး ဒဏ်ရာရတာပေါ့။ အကုန်လုံး ၄ ယောက်။  အိမ်တအိမ်က မိသားစု ၃ ယောက်ထိတယ်၊ ၂ နှစ်ကျော် သူတို့သမီးလေးက ခြေသလုံးမှာ ကျည်ဆန်ဝင်သွားလို့ အခုနမ့်ခမ်းဆေးရုံမှာ ခွဲစိတ်နေတယ်။ အဖေလည်း ခြေသလုံးမှာတချက် ခြေသန်းမှာ တချက်ထိတယ်။ သူတို့အမေက ကျောကုန်းမှာထိသွားတယ်၊ နောက်ထပ် အိမ်တလုံးမှာကျတော့ လူတယောက်က ရင်ဘတ်မှာ ၃ ချက်ထိတယ်၊ သူကတော့ အခြေအနေ တော်တော်လေးစိုးရိမ်ရတယ်။ သူလည်း အိမ်အောက်မှာ ပုန်းနေရင်းနဲ့ လက်နက်ကြီးကျည်က သူ့အိမ်ကိုထိပြီး သူ့ကိုလည်း ထိသွားတာ။ ဒဏ်ရာရတဲ့လူတွေကို ရွာသားတွေကပဲ ခေါ်လာပြီး ကျနော်တို့အဖွဲ့က လမ်းတ၀က်မှာ သွားစောင့်ကြိုပြီး ဆေးရုံခေါ်လာခဲ့တာ၊ အခုသူတို့အားလုံး နမ့်ခမ်းဆေးရုံကြီးမှာပါ”  လို့ ပြောပါတယ်။

တီအန်အယ်လ်အေဘက်က ပြန်ဆုတ်သွားတော့ တိုက်ပွဲလည်းငြိမ်သွားကြောင်း၊  ရွာထဲမှာ မြန်မာ့တပ်မတော်သားတွေ လက်ရှိဝင်ရောက်နေရာယူထားကြပြီး၊ ရွာထဲကလူတွေ အကုန်လုံးတော့ အိမ်မှာမနေရဲတော့ဘဲ ဘုန်းကြီးကျောင်းနဲ့ ရွာလယ်ဓမ္မာရုံမှာ သွားရောက်စုဝေး တိမ်းရှောင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

ကောင်းဝိုင်းရွာဟာ အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ ရွာကြီးတရွာဖြစ်တာကြောင့် တိမ်းရှောင်နေ ရသူပေါင်း တစ်ထောင်ကျော်ရှိတယ်လို့  ဦးမြင့်ကျော်က ပြောသွားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တီအန်အယ်လ်အေ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က  မြန်မာ့တပ်တော် တပ်မ ၈၈ က သူတို့ရှိရာဘက်ကို ထိုးစစ်ဆင်ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့လှုပ်ရှားနေတဲ့ဘက်ကို မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်ဝင်လာလို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲဖြစ်ပါတယ်။ လွိုင်လောင်ရွာနဲ့ ကောင်းဝိုင်းရွာကြားမှာ။  ဒီကနေ့မနက် ၅ နာရီခွဲကနေ ၈ နာရီအထိပါ။ တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်လို့ ပြောရမယ်။ တိုက်ပွဲပြီးပေမယ့်လည်း အစိုးရတပ်ဘက်က နမ့်ခမ်းစခန်းသစ်ကုန်းဘက်ကနေပြီးတော့မှ အခု ထက်ထိ (မနက် ၁၀ နာရီကျော်) ထိ လက်နက်ကြီးနဲ့ပစ်ကူနေတုန်းပဲ၊ ဘယ်နှချက်ပစ်လဲဆိုတော့ ကျနော်တို့လည်း အခုထိမရေထားဘူး။ နှစ်ဘက်အင်အားလည်း မသိရသေးဘူး၊ တဘက်နဲ့ တဘက်တော့ စောင်နေတယ်၊ အချိန်မရွေုးပြန်ဖြစ်နိုင်တယ်။”

ကောင်းဝိုင်းကျေးရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေနေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဓာတ်ပုံ- Maimoeset

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013