
ဂျာမနီတရားရုံးတခုက လက်ဝဲစွန်းရောက် ကွန်မြူနစ်ပြောက်ကျားအဖွဲ့ (RAF) အဖွဲ့ဝင်ဟောင်း ဒါနီယဲလာ ကလက်တာကို လက်နက်ကိုင် လုယက်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ မေ ၂၇ ရက်မှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၆၇ နှစ်အရွယ် ကလက်တာ ဟာ အမည်လွှဲနဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ ပုန်းအောင်းနေခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ သတင်းထောက်တယောက်က မျက်နှာဖတ်မှတ်စနစ် ဆော့ဖ်ဝဲလ်သုံးပြီး ရှာဖွေဖော်ထုတ်နိုင်ခဲ့ရာကနေ ဘာလင်မြို့မှာ အဖမ်းခံခဲ့ရတာပါ။
ကလက်တာ ပါဝင်ခဲ့တဲ့ အဲဒီ RAF အဖွဲ့ (ဘာဒါမိုင်းန်ဟို့ဖှ် ဂိုဏ်း) ဟာ ဖက်ဆစ်အရင်းရှင်စနစ်လို့ သူတို့ သတ်မှတ်ထားတဲ့ အစိုးရကို ဖြုတ်ချဖို့ ၁၉၇၀ နဲ့ ၁၉၉၁ ခုနှစ်အတွင်း လူပေါင်း ၃၄ ယောက်လောက်ကို သတ်ဖြတ်ခဲ့ပြီး အရာရှိကြီးတွေကို ပြန်ပေးဆွဲတာနဲ့ လုပ်ကြံတာတွေ ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ ၁၉၉၈ ခုနှစ်မှာ မြို့ပြပြောက်ကျားစစ်ပွဲ အဆုံးသတ်ကြောင်း ကြေညာခဲ့ပေမဲ့ အဖွဲ့ဝင် တချို့ကတော့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
ဂျာမနီအစိုးရနဲ့ တရားရုံးကတော့ ဒါကို နိုင်ငံရေးကြောင့် တမင်သက်သက် ထောင်ချောက်ဆင် ဖမ်းတာ မဟုတ်ဘဲ “တကယ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု” အဖြစ် ကိုင်တွယ်ခဲ့တာပါ။
တရားရုံး ပြောရေးဆိုခွင့်ရှိသူ အာမဒ် မိုဟာမက်က ကလက်တာကို ပြင်းထန်လုယက်မှု ၆ ခု အပါအဝင် ရာဇဝတ်မှုတွေအတွက် အပြစ်ပေးခဲ့တာဖြစ်ပြီး အခုစီရင်ချက်ဟာ ကလက်တာရဲ့ နိုင်ငံရေးနောက်ခံ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့ဝင် ဖြစ်မှု၊ မဖြစ်မှုတွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ ရှင်းလင်းထားပါတယ်။
နစ်နာသူတွေဘက်က ရှေ့နေကလည်း ဒီပြစ်ဒဏ်ဟာ သင့်လျော်မျှတမှု ရှိတယ်လို့ သုံးသပ်ပါတယ်။
ဒါပေမဲ့ တရားခံရှေ့နေ လူကပ်စ် သွိုင်းနီ ကတော့ တရားရုံးဟာ သူတို့ဘက်က တင်ပြတဲ့ သက်သေတွေကို ပယ်ချတာ၊ စုံစမ်းစစ်ဆေးဖို့ ငြင်းဆန်တာတွေ ရှိခဲ့တာကြောင့် ဗဟိုတရားရုံးချုပ်မှာ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့က ကလက်တာရဲ့ ကြံရာပါ RAF အဖွဲ့ဝင်ဟောင်း အမျိုးသား ၂ ယောက်ကိုလည်း ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
Source: Reuters










