
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ပွဲကို “ရုရှားထဲ ပြန်ပို့နေပြီ” လို့ ပြောပါတယ်။
ဩဂုတ် ၂ ရက်က ရုရှားဒေသ အများအပြားကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၉ ယောက် သေဆုံးတယ်လို့ ရုရှားတာဝန်ရှိသူတွေက ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒရုန်း ၆၃၅ စင်းကို ပစ်ချခဲ့တယ်လို့ ပြောပေမဲ့ ဒီအရေအတွက်ကို သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒေသအာဏာပိုင်တွေရဲ့ စာရင်းအရ အိန်ဂယ်လ်စ်မြို့မှာ ၂ ယောက်၊ အုဒ်မူတီယာမှာ ၃ ယောက်နဲ့ ဘဲလ်ဂိုရော့ဒ်မှာ ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဆာရာတော့ဗ် ရေနံချက်စက်ရုံ၊ အိန်ဂယ်လ်စ်လေတပ်စခန်းနဲ့ ကာလူဂါက ရေနံသိုလှောင်ရုံကို ပစ်မှတ်ထားခဲ့တယ်လို့ ယူကရိန်းက ဆိုပါတယ်။
ရှေ့တန်းကနေ ကီလိုမီတာ ၈၀၀ ကျော်ဝေးတဲ့ ဆာမာရာဒေသက Wildberries ကုန်လှောင်ရုံတခုလည်း ထိမှန်ခဲ့ပါတယ်။
ယူကရိန်းက ဒီကုန်လှောင်ရုံတွေဟာ ရုရှားစစ်တပ်ကို ပစ္စည်းပို့ပေးနေတယ်လို့ ဆိုပေမဲ့ ရုရှားဘက်က ငြင်းဆိုပါတယ်။
တချိန်တည်းမှာ ရုရှားရဲ့ ဩဂုတ် ၂ ရက် တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းဘက်မှာ အနည်းဆုံး ၅ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဇာပိုရစ်ချ်ဇီယာမြို့ တခုတည်းမှာ ရုရှားတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၁ ရက်ကလည်း ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့မှာ အနည်းဆုံး ၉ ယောက် သေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။










