
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဗန်းမော်မြို့ ဝန်းကျင်မှာ စစ်အာဏာရှင်တပ်က စစ်ကြောင်းလှုပ်ရှားပြီး ထိုးစစ်ဆင်နေတာကြောင့် မြို့ဝန်းကျင် တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ကချင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အာဏာရှင်တပ်က နယ်မြေစိုးမိုးထားနိုင်တဲ့ မြို့တွင်းနေရာမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ် အများအပြားကိုလည်း မီးရှို့ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။
ရှေ့တန်းသတင်းရင်းမြစ်က “အဓိကတော့ သူတို့မြို့တွင်းရပ်ကွက်တွေကို ထိုးနေတယ်။ ကုက္ကိုတော၊ ရိုးကြီး၊ ပေါက်ကုန်း၊ ဘူဒိုဇာရပ်ကွက် အဲဒီရပ်ကွက်တွေကို အကုန်မီးလိုက်ရှို့နေတာ။ ဧပြီလကုန် ပိုင်းမှာဆို သူတို့ ရှမ်းဝိုင်းတို့၊ ဘူဒိုဇာတို့ အဲဒီရပ်ကွက်တွေကို ရှို့တယ်။ ပြီးတော့ မေလဆန်းမှာ ကုက္ကိုတောတို့ ပေါက်ကုန်းလမ်းဆုံတို့ အဲဒါတွေကို ရှို့တယ်။ မေလ ၁၀ ရက်ဝန်းကျင်လောက်ဆို ရိုးကြီးရပ်ကွက်ကို အကြီးအကျယ်ရှို့တယ်။ မေလ ၂၀ လောက်ကတော့ ပေါက်ကုန်း - ကုက္ကိုတော မိန်းလမ်းမပေါ့ အဲဒီဘက်တကျောကို မီးတွေ အသေရှို့နေတာ။ မီးလောင်တာတွေက တိုက်ပွဲဖြစ်လို့ လောင်တာနည်းတယ်။ သူတို့ဘက်က ပစ်ကွင်းရှင်းတာတွေတော့ အိမ်ကြီးအိမ်ကောင်းတွေ တိုက် တွေဆို လက်နက်ကြီးတွေ ဒရုန်းတွေ လေယာဉ်တွေနဲ့ ပစ်ပြီး ကြဲတယ်။ အိမ်အသေးတွေကိုတော့ မီးတင်ရှို့ပြီးမှ ရှင်းလင်းနေတာပေါ့။ ဗန်းမော်မြို့တွင်းကတော့ အိမ်တွေကတော့ တော်တော်များများ အကုန်မီးလောင်ပျက်စီးသွားတယ်။ မြို့ရဲ့ ၈၅ ရာခိုင်နှုန်း ကတော့ မီးလောင်ပြာကျသွားပြီ။ အဲဒီလို ဆိုတော့ မြို့ပတ်ဝန်းကျင်တွေမှာပဲ အိမ်တွေ နည်းနည်းပါးပါးကျန်တော့တယ်”လို့ ပြောပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ရဲ့ ၉၀ ရာခိုင်နှုန်း ပျက်စီးသွားပြီ ဖြစ်ပါတယ်။
KIA ဘက်က ထိုးစစ်ဆင်တာတွေ ရပ်နားထားပေမဲ့ စစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဗန်းမော်က အရင်လို ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူး။ သူတို့ဘက်က ညဘက်တွေမှာ ဒရုန်းတွေ နဲ့လာချလိုက်၊ 122 တွေနဲ့ ပစ်လိုက်၊ မီးရှို့လိုက် အဲဒီလိုပဲ လုပ်နေတာ။ သူတို့ဘက်က လက်နက်ကြီး တွေ ပစ်ပြီး တိုးလာတာတွေ ရှိတယ်။ အဲလိုဆိုတော့ တိုက်ပွဲတော့ နေ့တိုင်းတော့ဖြစ်တယ်။ အရင်လို ပြင်းပြင်းထန်ထန် တိုက်ပွဲကြီးတွေ ဖြစ်တာတော့ မဟုတ်ဘူး။ ဗန်းမော်မှာက သူတို့တိုးလာလို့ မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေတယ်။”
လက်ရှိ စစ်တပ်ဟာ ဗန်းမော်မှ မိုင် ၆၀ ကျော်ဝေးတဲ့ KIA ထိန်းချုပ်ထားတဲ့ ရွှေကူမြို့နယ်မှာလည်း စစ်ကိုင်းတိုင်း ငအိုးဘက်က ထိုးစစ်ဆင်လာတဲ့ တပ်ဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွါးတာ ရှိနေသလို ရှမ်းမြောက်မဘိမ်းမြို့တွေကိုလည်း စစ်တပ်ဘက်က စစ်အင်အား အများအပြားနဲ့ ထိုးစစ် ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရအရေးပါတဲ့ စစ်တပ်နေရာတချို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားနိုင်ခဲ့သလို မြိုတွင်းနေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့ ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အား ဖြည့်တင်းကာ ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် KIA ပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ် နေရာတချို့ကို ပြန်လက်လွှတ်လိုက်ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲတွေထဲ မှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးဖြစ်ပါတယ်။
ဟန်န











