DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် သစ်တန်ချိန်ပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးမိ
DVB
·
July 27, 2017
စစ်ကိုင်းတိုင်းတွင် သစ်တန်ချိန်ပေါင်း ၂၄၀၀ ကျော် ဖမ်းဆီးမိ
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇူလိုင် ၂၃ ရက်ထိ ခရိုင် ၈ ခုမှာ တရားမဝင်သစ်တန်ပေါင်း ၂၄၀၆ ဒသမ ၉၂၅၆ တန် ဖမ်းဆီးနိုင်ခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သစ်တွေထဲမှာ ကျွန်းသစ်တန် ၆၆၀ ကျော်၊ သစ်မာတန် ၇၈၀ ကျော်နဲ့ အခြား ၁၁၂၀ ကျော်ထိ ရှိတယ်လို့ သိရပါတယ်။ ရေကြောင်းမှာ ဖမ်းဆီးရမိတာထက် ကုန်းကြောင်းမှာ ဖမ်းဆီးရမိတာက ပိုများတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “တရားမဝင်သစ် ဖမ်းဆီးနိုင်ရေးအတွက် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ရွှေလီမြစ်တွေအတွင်းမှာ သတင်းရရှိတဲ့အပေါ် မူတည်ပြီး လျှပ်တပြက်အစီအစဉ်နဲ့လည်းကောင်း၊ အခါအားလျော်စွာ စစ်ကြောင်းများအသွင်နဲ့လည်းကောင်း ဆောင်ရွက်နေပါတယ်။ အခုလည်း ဧရာဝတီမြစ်ထဲမှာ ရွှေဘိုခရိုင်၊ ကသာခရိုင်က သစ်တောဝန်ထမ်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေစတင်ပြီး စစ်ကြောင်းအသွင်နဲ့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေပါတယ်။ ခုချိန်က မြစ်ရေတိုးပြီး ပြန်ကျနေလို့ သစ်မျောသယ်လို့ အခြေအနေကောင်းတဲ့အပေါ် အခွင့်ကောင်းယူပြီး တရားမဝင် သစ်ဖောင်တွေ စုန်မျှောလာနိုင်တဲ့အတွက် ဆောင်ရွက်နေတာပါ။ ချင်းတွင်းမြစ် ကတော့ သစ်ဖောင်မျှောခွင့်ပိတ်ပင်ထားလို့ တော်သေးတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ဧရာဝတီမြစ်အတွင်း စစ်ကြောင်းဖွဲ့ ဖမ်းဆီးနေမှုကြောင့် အခုလ ၂၁ ရက်နေ့ကနေ ၂၆ ရက်အထိ ဧရာဝတီမြစ်အတွင်း ကျွန်းသစ်စုစုပေါင်း ၁၂၆ ဒသမ ၁၃၂၆ တန်၊ သစ်မာစုစုပေါင်း ၇ ဒသမ ၀၅၃၀ တန်နဲ့ ရွှေလီမြစ်အတွင်း ကျွန်းသစ်လုံး ၁၃ ဒသမ ၃၂၂ တန် ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။

“သစ်တွေဖမ်းတိုင်း အများသောအားဖြင့် ပိုင်ရှင်မဲ့ဖြစ်နေတာကို ပြည်သူတွေအနေနဲ့ နားလည် ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်း ပိုင်ရှင်လက်ရ ဖမ်းဆီးချင်တာပေါ့။ ဒါပေမယ့် ဝန်ထမ်းအင်အားနည်းတာ၊ သွားလာဖို့ ယာဉ်အလုံအလောက်မရှိတာ၊ သတင်းရ နောက်ကျတာ၊ နောက်ပြီး အများသောအားဖြင့် သယ်ယူတဲ့ယာဉ်တွေက လိုင်စင်မဲ့ယာဉ်တွေ ဖြစ်တာတွေကြောင့် လိုက်ရတာ အခက်အခဲဖြစ်တယ်။ ပြီးတော့ အခုက ဆက်သွယ်ရေးက တိုးတက်လာပြီ။ သူတို့အချင်းချင်း သတင်းပေးတာတွေလည်း ရှိတယ်” လို့ တိုင်းညွှန်မှူးက ပြောပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအနေနဲ့ သစ်တောဖုံးလွှမ်းမှု ၄၇.၀၄ ရာခိုင်နှုန်း ကျန်ရှိနေပါသေးတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်တွင်းအခြေခံသစ်လိုအပ်ချက်အတွက် ကျွန်းသစ် ၁၂၀၀ တန်နဲ့ သစ်မာ ၁၈၂၀၀၀ တန်တို့ကို ထုတ်ယူသွားမှာဖြစ်ပါတယ်။ သစ်တောကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ပြည်သူတွေပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ လိုတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013