DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးရောဂါ သံသယရှိ လူနာ ၁၃ ဦး တွေ့ရှိ၊ ၁ ဦးသေ
DVB
·
July 24, 2017
မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးရောဂါ သံသယရှိ လူနာ ၁၃ ဦး တွေ့ရှိ၊ ၁ ဦးသေ
Donate to DVB

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှာ  Seasonal Influenza A(H1N1) 2009 အမျိုးအစား ကမ္ဘာ့လူတုပ်ကွေးရောဂါ သံသယရှိတဲ့ လူနာ ၁၃ ဦး စစ်ဆေးတွေ့ရှိပြီး ၁ ဦး သေဆုံးသွားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တယ်။

ချင်းပြည်နယ် မတူပီမြို့ပေါ်ရပ်ကွက်တချို့မှာ ရာသီတုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၀ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ ဦး၊  ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ ၁ ဦး၊ စုစုပေါင်း ၁၃ ဦးမှာ ရောဂါတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“H1N1 ထူးကဲဖြစ်တာရှိပါတယ်။ ချင်းပြည်နယ် မတူပီမှာ ပိုးတွေ့ရှိ အတည်ပြုနိုင်တာ ၁၀ ဦး၊ ရန်ကုန်ဆေးရုံကြီးမှာ ၂ ဦး၊ ရန်ကုန်ဆေးရုံသစ်ကြီးမှာ ၁ ဦးပါ။ စစ်ဆေးအတည်ပြုနိုင်တာက ၂၀၁၇ ဇူလိုင်လထဲမှာ အားလုံး ၁၃ ယောက်၊ ရန်ကုန်မှာ ၃ ယောက်ပါ။ အမျိုးသမီး ၂ ဦး အမျိုးသား ၁ ဦးပေါ့။ ဒီဟာက အခုမှ အသစ်ထပ်ပြီးပေါ်တဲ့ရောဂါ မဟုတ်ဘူးခင်ဗျ။ လူတုပ်ကွေးက ရာသီပေါ် တုပ်ကွေးအမျိုးအစားပဲ။ နည်းနည်းပြင်းထန်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ တအားကြီး စိုးရိမ်စရာတော့ မရှိဘူး။ ဆေးဝါးကုသမယ်၊ နားနားနေနေနေမယ်၊ ဆေးရုံဆေးခန်းမှာ ကုသမယ်ဆိုရင်တော့ အသေပျောက်ကတော့ နည်းပါတယ်။ သို့သော်လည်းပဲ ပြန့်ပွားမှုကတော့ မြန်ပါတယ်။ ဝက်တုပ်ကွေးမဟုတ်ပါဘူး။ လူတုပ်ကွေးအမျိုးအစား ကမ္ဘာ့လူတုပ်ကွေးရောဂါပါ။”

ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ လူနာ ၂ ဦးအနက် အမျိုးသမီး ၁ ဦးဟာ ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့ကဖြစ်ပြီး ဇူလိုင် ၆ ရက်က ရောဂါစတင်ဖြစ်ပွားလို့ ဇူလိုင် ၁၉ ရက်မှာ ပုသိမ်ဆေးရုံကနေ တဆင့် ရန်ကုန်ကို ရောက်တာဖြစ်ပါတယ်။

နောက်တဦးကတော့ ရန်ကုန် အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် စားဖိုမှူးအလုပ် လုပ်ကိုင်တဲ့ အမျိုးသားတဦးဖြစ်ပြီး ဇူလိုင် ၁၅ ရက်နေ့က ရောဂါဖြစ်ပွားလို့  ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ တက်ရောက်ကုသနေသူ ၁ ဦးကတော့ ပျဉ်းမနား ရေဆင်း မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က အသက် ၂၂ နှစ်အရွယ် နောက်ဆုံးနှစ်  ကျောင်းသူဖြစ်ပြီး ဇူလိုင် ၈ ရက်က ရောဂါဖြစ်ပွားကာ ဇူလိုင် ၁၃ ရက်နေ့မှာ ရန်ကုန်ဆေးရုံမှာ တက်ရောက် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

လက်ရှိ ကျောင်းသူရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ကျန်တဲ့ ၂ ဦးကတော့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် (အိုင်စီယူ) မှာ ထားထားပြီး ဒီနေ့မနက် အခြေအနေ သက်သာလာပြီလို့  ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

H1N1 တုပ်ကွေးရောဂါဟာ လေထဲကတဆင့် လူလူချင်း ကူးစက်ပြန့်ပွားတဲ့ ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေကတော့ ဖျားနာ၊ နှာချေ၊ နှာရည်ယို၊ ချောင်းဆိုး၊ လည်ချောင်းနာတာနဲ့ ပျို့အန် ဝမ်းသွားတာတွေ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ရောဂါမပြန့်ပွားအောင် ကာကွယ်ဆေးနဲ့ ကုသဆေးတွေ ထိရောက်မှုမရှိဘဲ ဆေးဝါးမပါတဲ့ ကာကွယ်ရေးလုပ်ငန်းတွေဖြစ်တဲ့ နှာခေါင်းကို လက်ကိုင်ပုဝါအုပ်ထားတာ၊ လက်မကြာခဏ ဆေးရကြောတာ၊ လူစုလူဝေးရှောင်ရှားတာ၊ ရောဂါဖြစ်နေတဲ့လူနဲ့ အနည်းဆုံး ၆ ပေအကွာမှာ နေရတာနဲ့ အာဟာရပြည့်ဝအောင် စားတာတွေ လုပ်ဖို့လိုမယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးဌာနအနေနဲ့ ရောဂါကာကွယ်ရေးအတွက် လူထုပညာပေးလုပ်ငန်းတွေကို  သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနတွေကတဆင့် ဆောင်ရွက်သွားဖို့ ရှိနေပြီး  ကျန်းမာရေးဌာန တခုတည်း လုပ်လို့မရဘဲ လူထုပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ H1N1 ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဖြစ်ပွားသူ ၂၀၀၉ ခုနှစ်မှာ ၁၆ ယောက်၊ ၂၀၁၀ ပြည့်နှစ်မှာ ၂၃၂ ယောက်၊ ၂၀၁၂ မှာ ၂၉ ယောက်၊ ၂၀၁၄ မှာ ၁၆၇ ယောက်နဲ့ ၂၀၁၆ ခုနှစ်မှာ  ၉ ယောက် ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013