
မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ဟာ ဆိုရှယ်မီဒီယာနဲ့ ရုပ်သံပြတဲ့ဆိုက်တွေ အပါအဝင် ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေအနေနဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနဲ့ တခြားအန္တရာယ်ရှိတဲ့ အကြောင်းအရာတွေရန်ကနေ ကာကွယ်ပေးဖို့ သတ်မှတ်ထားတဲ့ သမ္မတအမိန့်ဒီဂရီကို အောက်တိုဘာ ၁၄ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
သမ္မတရဲ့ အမိန့်ဒီကရီဟာ အောက်တိုဘာလဆန်းပိုင်းက မြောက်ပိုင်း ကိုးဝီလာပြည်နယ်ရှိ အထက်တန်း ကျောင်းတကျောင်းမှာ အသက် ၁၈ နှစ်အရွယ် ကျောင်းသားဟောင်း ၂ ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် လူ တယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး လက်တင်အမေရိကရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံမှာ နည်းပညာကုမ္ပဏီကြီးတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် စိစစ်လာတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဟာ Meta, Microsoft, Apple, TikTok, Google, Huawei တို့အပြင် X အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ကုမ္ပဏီတွေဘက်ကလည်း အပြောင်းအလဲလုပ်ဖို့ ငြင်းဆန်ခြင်းမရှိဘဲ လိုအပ်ချက်ကို နားလည်လက်ခံခဲ့ကြပြီး ပလက်ဖောင်းစနစ်တွေကို ပြင်ဆင်ဖို့အတွက် အချိန် ၁ လ တောင်းဆိုခဲ့ကြပါတယ်။
စနစ်ပြင်ဆင်ဖို့အတွက် ၁ လ အချိန်ရမှာဖြစ်ပြီး အမိန့်အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ဒစ်ဂျစ်တယ် အသွင်ပြောင်းလဲမှုဆိုင်ရာ အေဂျင်စီက ဆက်လက်စောင့်ကြည့်သွားမယ်လို့ အစိုးရအကြံပေး လူဝီဆာ မာရီယာအလ်ကာလ်ဒီက ပြောပါတယ်။
သမ္မတ ရှိန်းဘောင်းမ်ကလည်း ကုမ္ပဏီတွေအနေနဲ့ ဒီအမိန့်ကို လိုက်နာဖို့ ပျက်ကွက်ရင် ပလက်ဖောင်းတွေကို အရေးယူဒဏ်ခတ်နိုင်မဲ့ ဥပဒေရေးဆွဲသွားမယ်လို့ သတိပေးထားပါတယ်။
လက်ရှိမှာ ကုမ္ပဏီတချို့ဟာ ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက် မသင့်တော်တဲ့ အကြောင်းအရာတွေကို စိစစ်ဖယ်ရှားမှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။
ဥရောပနဲ့ ဩစတြေးလျ အစိုးရတွေက ဒစ်ဂျစ်တယ်ပလပ်ဖောင်းတွေကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်နေသလို အမေရိကန်ပြည်နယ်တွေကလည်း ကလေးသူငယ် ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းလမ်းမျိုးစုံကို ဆောင်ရွက်နေတာကြောင့် မက္ကဆီကိုရဲ့ ဒီလုပ်ဆောင်ချက်ဟာ အွန်လိုင်းမှာ အရွယ်မရောက်သေးသူတွေကို ကာကွယ်ဖို့ ကမ္ဘာတဝန်း ပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းဆောင်ရွက်နေမှုတွေနဲ့အတူ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။











