DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းဒေသကြီးမှ သစ်တန်ချိန် ၁၇၀၀၀ ထုတ်လုပ်မည်
DVB
·
June 16, 2017
တနင်္သာရီတိုင်းဒေသကြီးမှ သစ်တန်ချိန် ၁၇၀၀၀ ထုတ်လုပ်မည်
Donate to DVB

မြန်မာ့သစ်လုပ်ငန်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တန်ချိန် တသောင်းခုနှစ်ထောင် ထုတ်သွားမယ်လို့ မြန်မာ့သစ်လုပ်ငန်းရဲ့ တိုင်းအဆင့် အရာရှိကြီးတဦးက ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အခုဇွန်လကနေ လာမယ့်နှစ် မေလကုန်ပိုင်းအထိ  ထုတ်မှာဖြစ်ကြောင်းနဲ့ မြိတ်ဒေသကနေ အဓိကထုတ်ယူမယ်လို့ တနင်္သာရီတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝေကြိုင်က ပြောပါတယ်။

သူက “တနင်္သာရီမြို့နယ်ထဲက ပဝဖိုးမဲကြိုးပြင်တောနဲ့ သကျက်ကြိုးဝိုင်းတွေကနေ ထုတ်ယူမှာပါ။ မြိတ်ဒေသမှာဆိုရင် တန်ချိန် တသောင်းခွဲ၊ ထားဝယ်မှာဆိုရင် တန်ချိန် ၂ ထောင် စုစုပေါင်းဆိုရင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ တန်ချိန် ၁၇၀၀၀ ထုတ်လုပ်မှာဖြစ်ပါတယ်။ ပင်ထောင်ရိုက်စနစ်နဲ့ ထုတ်ယူသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာ့သစ်လုပ်ငန်းအနေနဲ့ လျာထားသစ်တန်ချိန်ကို ထုတ်ယူနိုင်တဲ့ အနေအထား မရှိတာကြောင့် လူပုဂ္ဂိုလ်တွေကို ထုတ်ခွင့်ပေးသွားမယ်၊ ထွက်ရှိလာတဲ့သစ်တွေကို ပြည်ပကို တင်ပို့မှာမဟုတ်ဘဲ ပြည်တွင်းမှာပဲ ပြန်ရောင်းမယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန် ၁၄ ရက်နေ့က မြန်မာ့သစ်လုပ်ငန်းက တနင်္သာရီမြို့မှာ ကျင်းပတဲ့ သစ်တန်ချိန် ၁၇၀၀၀ ထုတ်လုပ်မယ့်ကိစ္စ ရှင်းလင်းပွဲကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနဲ့အတူ ဒေသခံတချို့ တက်ရောက်ပါတယ်။

ဦးရဲမြင့်ဆွေက ဒီသစ်တောအတွင်း သစ်မထုတ်ဖို့နဲ့ မဖြစ်မနေ ထုတ်ရမယ်ဆိုရင် မြိတ်ဒေသခံတွေ၊ သစ်စက်လုပ်ငန်းရှင်တွေအတွက် ပြန်ရောင်းပေးသင့်ကြောင်း ပြောဆိုချက်အပေါ် မြန်မာ့သစ်လုပ်ငန်းမှ ပြည်ထောင်စုအစိုးရအထိ ပြန်လည်းတင်ပြပြီး ရောင်းချပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူတွေဘက်ကတော့ အခုထုတ်ယူမယ့် ပင်ထောင်စနစ်ဟာ သစ်တောမပြုန်းတီးဘဲ အပင်သစ်တွေ ပြန်လည်ကြီးထွားရန်ကိုပင် တွန်းအားပေးတဲ့စနစ် ဖြစ်တယ်လို့ ရှင်းလင်းခဲ့ကြပါတယ်။

ဒေသခံတွေကတော့ အစုအဖွဲ့ပိုင် ထိန်းသိမ်းထားတဲ့ သစ်တောနေရာတွေ၊ စိုက်ပျိုးထားတဲ့ ဥယျာဉ်တွေမှာ သစ်ထုတ်ဧရိယာအတွင်း ပါသွားမှာကို စိုးရိမ်နေကြပြီး အဲဒီဒေသတွေမှာ သစ်ထုတ်လုပ်ခြင်းမပြုဖို့ ပြည်ထောင်စုအစိုးရအထိ ကန့်ကွက်စာတင်ထားကြောင်း သိရပါတယ်။

တနင်္သာရီရိုးမအတွင်းက သစ်တောတွေဟာ နှစ်ပေါင်း ၂၀ အတွင်း အလျင်အမြန် ပြုန်တီးခဲ့ပြီးနောက် တောင်ပေါ်ဒေသတွေမှာတောင် မနှစ်က  ရေကြီးမှုတွေ ဖြစ်ခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013