DVB Logo
Home
မြန်မာသတင်း
တရားမဝင် ဖမ်းမိသည့် သစ်တန် ၁ဝဝ ကျော်ကို မွန်ဒေသ ဖွံ့ဖြိုးရေးအတွက် ပြန်ရောင်းချ
DVB
·
July 26, 2018
တရားမဝင် ဖမ်းမိသည့် သစ်တန် ၁ဝဝ ကျော်ကို မွန်ဒေသ ဖွံ့ဖြိုးရေးအတွက် ပြန်ရောင်းချ
Donate to DVB

ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်သစ် ၁၃၅ တန်ကို မွန်ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုမယ့်သူတွေဆီ ပြန်လည်ရောင်းချပေးနိုင်ခဲ့တယ်လို့ မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။

တရားမဝင် ဖမ်းဆီးရမိတဲ့ သစ်တွေကို ဒေသဖွံ့ဖြိုးရေး၊ သာသနာအဆောက်အအုံတွေနဲ့ အများပြည်သူ အသုံးပြုနိုင်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်သူတွေကို ပြန်လည်ရောင်းချပေးတာဖြစ်ပြီး ကျွန်း၊ ပိတောက်၊ တမလန်းကလွဲလို့ ကျန်သစ်မာတွေကိုသာ ပြန်လည်ရောင်းချခွင့်ရှိတယ်လို့ မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောပါတယ်။

“ဒေသဖွံ့ဖြိုးရေးသစ်က ကျနော်တို့ ရုံးချုပ်ကို တခါလျှောက်ရင် တန် ၂ဝဝ ပဲလျှောက်လို့ရတယ်။ ကျနော်တို့ဆီက ဖမ်းဆီးရမိတဲ့ သစ်အစားစား ရှိတယ်။ အဲဒီထဲမှာမှ အခြားသစ်မာ ရှိလားပေါ့။ မရှိရင် နီးစပ်ရာတိုင်းဒေသကြီးမှာ သွားယူရတယ်။ ကျနော်တို့ဆီက ဖမ်းမိတဲ့ သစ်အားလုံးကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးလို့မရဘူး။ သုံးတဲ့အခါကျရင် သီးသန့်ပြန်လျှောက်ရတယ်။ ဥပမာ SME လုပ်ငန်းတွေ၊ ဘီးလူးကျွန်းမှာရှိတဲ့ သီးနှံလုပ်ငန်းသုံးအတွက် ၁၅ တန်လျှောက်ပေမယ့် ၅ တန်ရတယ်။ အဲဒီ ၅ တန်တောင် မုံရွာတို့ဘာတို့မှာ သွားယူရတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ပဲခူးကနေရတဲ့ ၁၃၅ တန်ကို ရောင်းချခဲ့ပြီးပြီ”လို့ ဝန်ကြီးက ပြောပါတယ်။

လက်ရှိမွန်ပြည်နယ်မှာ ဧပြီလမှ ဇူလိုင်လ ၃ လအတွင်း တရားမဝင်သစ်တန်ချိန် ၂ဝဝ ကျော်ဖမ်းဆီးရမိထားပြီး ရေးမြို့နယ်နဲ့ ပေါင်မြို့နယ်မှာ အများဆုံး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က “ကျနော်တို့ ဖမ်းဆီးရမိတဲ့သစ်တွေ အားလုံးကို မြန်မာ့သစ်လုပ်ငန်းကိုပဲ လွှဲပေးထားပါတယ်။ အုပ်စု (၁) ထဲမှာပါတဲ့ ပိတောက်တို့ ဘာတို့ကျတော့ ကျနော်တို့ ပြည်သူလူထုကို ရောင်းချလို့မရဘူး။ ပျဉ်းကတိုးတို့ အခြားသားတွေဆိုရင်တော့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ လုပ်ငန်းစဉ် (၇) ဆင့်သတ်မှတ်ပြီး ရောင်းချပေးတယ်။ အခုဖမ်းမိထားတာက ပိတောက်တွေ အများဆုံး ဖမ်းမိတော့ မြန်မာ့သစ်လုပ်ငန်းကိုပဲ အကုန်လုံးလွှဲပေးထားတယ်” လို့ ပြောပါတယ်။

မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်း ရောင်းဝယ်ရေးနှင့် သစ်စက်ဌာန(မွန်ပြည်နယ်) မှ အထွေထွေမန်နေဂျာ ဒေါ်ဆွေဆွေဝင်းက “အရည်အသွေးနည်းနည်း ညံ့တာလေးတွေ ရှိတယ်၊ ကျွန်း၊ ပိတောက်၊ တမလန်းက လွဲလို့ရှိရင် အခြားသစ်မာတိုင်လေးတွေ၊ သစ်မာ သစ်လုံးလေးတွေ ရှိတယ်၊ ပျဉ်းကတိုးလည်း အရည်အသွေး နည်းနည်းညံ့တာလေးတွေပေါ့။ တင်ဒါလုပ်ဖို့ အဆင့်မမီတာတွေကို ဒေသတွင်း အိတ်ဖွင့်ဆိုပြီး ရုံးချုပ်ကို တင်ပြီးမှ ရုံးချုပ်က ကြမ်းခင်းဈေး သတ်မှတ်ပေးလိုက်တာမျိုးပါ” လို့ ပြောပါတယ်။

အရင်နှစ်ကလည်း မွန်ပြည်နယ်အတွင်း တရားမဝင် ဖမ်းဆီးရမိတဲ့ သစ်တွေကို ဒေသပေါက်ဈေးထက် ၄ဝ ရာခိုင်နှုန်းလျှော့ပြီး ရောင်းချပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်ခွဲစက်ပေါင်း ၅၈ ခုရှိပြီး ကုန်ကျစရိတ်နဲ့ ၀င်ငွေမညီမျှလို့ ၇ ခုသာ လည်ပတ်နိုင်ပြီး ကျန်သစ်ခွဲစက်တွေ ပိတ်သိမ်းထားရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013