DVB Logo
Home
မြန်မာသတင်း
မြ၀တီတွင် ၆ လ ကျော်စောင့်ဆိုင်းရသည့် အလုပ်သမား ၁၀၀ ကျော် အခက်တွေ့
DVB
·
June 14, 2017
မြ၀တီတွင် ၆ လ ကျော်စောင့်ဆိုင်းရသည့်  အလုပ်သမား ၁၀၀ ကျော် အခက်တွေ့
Donate to DVB

 

ထိုင်းနိုင်ငံကို  တရားဝင်အလုပ်သွားလုပ်မယ့် အလုပ်သမားပေါင်း ၁၀၀ ကျော်ဟာ အမ်အိုယူ ကတ်ရရှိဖို့  မြ၀တီမြိုမှာ လာရောက်စောင့်ဆိုင်းနေကြတာမှာ ၆ လ ကျော်ကြာခဲ့ပေမယ့်လည်း အခု ထိမရသေးလို့ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေကြပါတယ်။

အလုပ်သမားတချို့က အရင်ကထိုင်းမှာ တရားမ၀င်သွားရောက်လုပ်ကိုင်ပြီး  တရားဝင် ပြန်ဖြစ်ဖို့အတွက် ပွဲစားအဆက်အသွယ်နဲ့ မြန်မာပြည်ထဲ ပြန်လည်ဝင်ရောက်လာရာမှာ မြ၀တီမှာ ၆ လကျော် သောင်တင်နေလို့ အလုပ်ပျက်အကိုင်ပျက်၊ စားစရာမရှိ ဖြစ်နေတယ်လို့  ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်က စိုင်းမတ်ကအလုပ်သမား ပြောပါတယ်။

“ပတ်စပို့တွေတော့ရပါပြီ။ သူက ရန်ကုန်ကိုခေါ်သွားပြီး လုပ်ပေးတယ်။ ဒါပေမယ့် ဒီမြ၀တီမှာ လာကြာနေတာ၊ အလုပ်သမားကတ်နဲ့ ဗီဇာရဖို့တဲ့၊ နောက်တပတ်ရမယ်။ နောက် ၂ ပတ်ရမယ် ဆိုပြီး ရက်တွေရွှေ့ရွှေ့လာတာ။ ကျနော်တို့ ပါလာတဲ့ ပိုက်ဆံလည်းကုန်ပြီ။ အိမ်ကို ခနခနပြန်မှာရတာ။ အလုပ်ကလည်း မလုပ်ရတော့ အကြွေးတွေ လည်းတင်၊ တချို့ဆို ဒီမြ၀တီမှာ ရရာအလုပ်ဝင်လုပ်ရတယ်။ ပိုက်ဆံရှိတဲ့လူနဲ့ မရှိတဲ့သူ မျှစားတာတောင် တချို့နေ့တွေ ဆို ထမင်းတနပ်ဘဲစားရတယ်။ နေစရာက ကုမ္ပဏီက ၂ ထပ် အိမ်တလုံး ငှားထားပေးတယ်။ အမ်အိုယူလာစောင့်တဲ့ အလုပ်သမားက တရာကျော်၊ ဒါကြောင့် အဲဒီအိမ်မှာ ၅၀ ကျော်နေပြီး ကျန်တဲ့လူက အဲဒီနားက နောက်ထပ်အိမ်တလုံးမှာ စုပြီးငှားနေ ကြတယ်။ ပူကလည်းပူ၊ ခြင်ကလည်း များ၊ စားရေးသောက်ရေးအခက်အခဲက ပိုဆိုးပါတယ်။”

လွယ်လင်ခရိုင် ကွန်ဟိန်းမြို့နယ်က လာတဲ့ နန်းရွှေဆိုသူ အမျိုးသမီးကလည်း သူမမှာ မြန်မာ မှတ်ပုံတင် မရှိလို့ သူများထက်ပိုပေးရကြောင်း၊ မှတ်ပုံတင်နဲ့ ပတ်စ်ပို့လုပ်ခအတွက်တင် ပွဲစားကို ထိုင်းဘတ် ၂၆၅၀၀ (မြန်မာငွေ ဆယ်သိန်းခန့်) ပေးထားရပြီး လက်ထဲ ဘာအထောက်အထားမှ မရသေးလို့ စိတ်ပူနေတယ်လို့  ပြောပါတယ်။

အမ်အိုယူအလုပ်သမားကဒ်ရဖို့ လာစောင့်နေတဲ့ သူအများစုမှာ ရှမ်းပြည်နယ် မိုင်းရှူး၊ မိုင်းနောင်၊ လဲချား၊ လွိုင်လင်၊ ကွန်ဟိန်း၊ မိုင်းကိုင် စတဲ့မြို့နယ်က ရှမ်းနဲ့ အခြားတိုင်းရင်း သားတွေဖြစ်ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ချင်းမိုင်နဲ့ မဟာချိုင်အခြေစိုက် HRDF (လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း) မှ ဥပဒေရေးရာတာဝန်ခံ စိုင်းပိုင်း ကတော့ အလုပ်သမားတွေက ဆက်သွယ်အကူအညီတောင်းလာတဲ့အတွက် သက်ဆိုင်ရာ ပွဲစားနဲ့ ကုမ္ပဏီတွေကို လိုအပ်သလို စစ်ဆေးအရေးယူပေးဖို့ ဇွန်လ ၁၂ ရက်နေ့က တာ့ခ်ခရိုင် အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ သွားရောက်တိုင်တန်းထားတယ်လို့   ပြောပါတယ်။

“ကျနော်မြ၀တီဘက်ကူးသွားပြီး အဲဒီဒုက္ခရောက်နေတယ်ဆိုတဲ့ အလုပ်သမား တချို့နဲ့ သွားတွေ့ပါတယ်။   အဲဒီအလုပ်သမားတစ်ရာကျော်ကို ခေါ်လာတာ ကုမ္ပဏီ အနည်းဆုံး ၃ ခုနဲ့ ပွဲစားတွေလည်းပါတယ်လို့ သိရတယ်ခင်ဗျ။  ခက်တာက ကျနော်တို့ အလုပ်သမားတွေက သူတို့ကုမ္ပဏီရဲ့ နာမည်လည်း သေချာမသိဘူး။ ဖုန်းနံပတ်တွေလည်း တောင်းမထားဘူး၊ ပိုက်ဆံ ပေးတော့လည်း ငွေလက်ခံဖြတ်ပိုင်းတွေ တောင်းထားရမှန်းလည်းမသိဘူး။ ဒါကြောင့် ဆက်သွယ် မေးမြန်းပေးလို့ မရဘူးဖြစ်နေတယ်။”

ထိုင်းမြန်မာ ၂ နိုင်ငံသဘောတူစာချုပ် အမ်အိုယူအရ ထိုင်းနိုင်ငံထဲ အလုပ်လာလုပ်မယ်ဆိုရင် လုပ်ထုံးလုပ်နည်းမှာ  မြန်မာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကနေ အမည်လျှောက်ထားပြီး အဆင့်ဆင့်ထွက်ခွာသွားရမှာပါ။

ဒါပေမယ့် အဲဒီအလုပ်သမားတွေက ထိုင်းဘက်ကနေပွဲစားနဲ့ မြန်မာထဲ ပြန်ဝင်တာကြောင့် ငွေလည်းပိုကုန်သလို အခန့်မသင့်ရင် အလိမ်ခံရတာတွေကြုံတွေ့နေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013