DVB Logo
Home
မြန်မာသတင်း
တီဘီလူနာများကို ရောဂါရှာဖွေရေး အထူးယာဉ်ဖြင့် ရှာဖွေကုသရန် စီစဉ်
DVB
·
June 12, 2017
တီဘီလူနာများကို ရောဂါရှာဖွေရေး အထူးယာဉ်ဖြင့် ရှာဖွေကုသရန် စီစဉ်
Donate to DVB

 

မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦးရေ ၁ သိန်းမှာ လူဦးရေ ၄၀၀ လောက် တီဘီရောဂါ ကူးစက်ခံနေရပြီး အဲဒီလို လူနာတွေကို တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသရေး အထူးယာဉ် နှစ်စီးနဲ့ ရှာဖွေကုသဖို့ စီစဉ်နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေသန်း ၅၀ ကျော်မှာ လူဦးရေ ၁ သိန်းလျှင် လူဦးရေ ၄၀၀ လောက်က နှစ်စဉ် တီဘီရောဂါ ကူးဆက်ခံနေပြီး အဲဒီလို တီဘီရောဂါအများဆုံး ကူးစက်ခံရသူတွေဟာ မြို့ပြဆင်ခြေဖုံးဒေသ လူနေထူထပ်တဲ့နေရာတွေမှာ နေထိုင်တဲ့သူတွေ၊ ခုခံအားနည်းသူတွေ၊ ဆီးချိုရောဂါရှိသူတွေ၊ AIDS ဝေဒနာသည်တွေနဲ့၊ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။

အဲဒီလို ရောဂါကူးဆက်နိုင်ခြေများတဲ့ နေရာတွေကိုတော့ တီဘီရောဂါ ကွင်းဆင်း ရှာဖွေကုသရေး အထူးယာဉ် နှစ်စီးနဲ့ ရောဂါရှာဖွေကုသပေးသွားမယ်လို့လည်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်က ပြောတာပါ။

“လူဦးရေ ၁ သိန်းမှာ တီဘီရောဂါကူးစက်ခံရမှုက ၃၆၅ ယောက်ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတာရှိပါတယ်။ ဒါက ကျနော်တို့ ၂၀၀၉ ခုနှစ်က စစ်တမ်း ကောက်ယူထားနိုင်တာ ဖြစ်ပါတယ်။ အခုကောက်ယူဖို့ လုပ်နေပါတယ်။ ဒီတခါ ကောက်ယူ ရင်တော့ စတုတ္ထအကြိမ်ဖြစ်မှာပါ။”

အဲဒီ မိုဘိုင်းကုသရေးယာဉ်ကိုတော့ နိုင်ငံတကာ အလှူရှင်နိုင်ငံတွေက ရန်ပုံငွေ ထည့်ဝင်တည်ထောင်ထားတဲ့ 3MDG ရန်ပုံငွေအဖွဲ့က လှူဒါန်းထားပါတယ်။ လက်ရှိမှာ အဲဒီကားနှစ်စီးကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာထားရှိပြီး ကားသွားလာနိုင်တဲ့ ကျန်းမာရေး ဝန်ဆောင်မှု အပြည့်အဝ မရရှိတဲ့ဒေသတွေကို လှည့်လည်ကုသမှာ ဖြစ်ပါတယ်။

“ကားသွားလို့ရတဲ့ ခက်ခဲတဲ့ဒေသတွေ ပါမယ်။ မြို့ပေါ်ဆင်ခြေဖုံးဒေသတွေ ပါမယ်။ နောက်ပြီးကျတော့ တိုင်းဒေသကြီး ပြည်နယ်တွေမှာရှိတဲ့ အကျဉ်းထောင် ၄၅ ခုရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်။ ဒါ့အပြင် ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ စတင်ဆောင်ရွက်မယ့် နိုင်ငံတ၀ှမ်း တီဘီရောဂါ စစ်တမ်း ကောက်ယူမယ့် လုပ်ငန်းမှာလည်း ဒီကားနှစ်စီးကို စနစ်တကျ အစီစဉ်ချပြီး အသုံးပြု သွားပါမယ် ကားကို ကုန်းလမ်းပို့ဆောင်ရေးမှာ လိုင်စင်လုပ်ရအုံးမယ်လေ။ တလလောက်တော့ ကြာအုံးမယ်။ ကျနော်ထင်တယ် ဒီ ဂျူလိုင်လကုန်လောက်မှာ စတင်အသုံးပြုဆောင်ရွက်နိုင်မှာပါ။”

တီဘီရောဂါ ဖြစ်ပွားမှုအများဆုံး ကမ္ဘာ့ နိုင်ငံ ၃၀ စာရင်းမှာ မြန်မာနိုင်ငံပါနေပြီး လူဦးရေ ၂ သိန်းလာက်က တီဘီရောဂါခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013