
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့အနီးရှိ အင်းလေးကန်ဟာ နုန်းမြေတင်ကျန်တာ၊ သစ်တော ပြုန်းတီးတာနဲ့ ရာသီဥတုဖောက်ပြန်တာတွေကြောင့် နွေရာသီမှာ ရေခမ်းခြောက်ပြီး မိုးရာသီမှာ ရေကြီးတဲ့ဒဏ်ကို ခံနေရကာ တိမ်ကော ပျောက်ကွယ်မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ဒေသခံတွေနဲ့ အင်းလေးကန်အရေး ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
တောင်ကျချောင်းတွေကတဆင့် ပါလာတဲ့ သဲနုန်းတွေဟာ အင်းလေးကန်အတွင်းသို့ တပြိုင်နက်တည်း ထိုးဝင်လာလို့ မြေထုပမာဏ မြင့်တက်လာပြီး လယ်ယာမြေတွေထဲကို မြေအနည်ထိုင်မှုကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးလာရတာ ဖြစ်ပါတယ်။
နုန်းမြေတွေကြောင့် မြေထုမြင့်တက်လာလို့ ဒေသခံတွေ ရေရှားပါးမှုနဲ့ ရေကြီးမှု အကျိုးဆက်ကို ၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် ဆက်တိုက်ကြုံတွေ့နေရပြီး စစ်အာဏာရှင် အစိုးရက လာရောက်ဖြေရှင်းပေးတာမရှိဘူးလို့ ဒေသခံ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အင်းလေးကန်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ အင်းလေးလုလင်က "၂၀၂၅ မှာ ငလျင် လှုပ်ခတ်မှုကြောင့်၊ မြေကြီးရွှေ့လျားမှုတွေကြောင့် ဂေဟစနစ် ပျက်ကုန်တယ်။ ရေထပ်ကြီးတော့ မြေထုပမာဏက ပိုဆိုးလာပြီး အရမ်းမြင့်တက်လာတယ်။ ရေခမ်းခြောက်နှုန်း မြန်တယ်၊ ရေကြီးနှုန်း လည်း မြန်တယ်။ ရေဝပ်ရေလဲ နေရာတွေ ပိုများလာပြီး စိုက်ပျိုးရေးအတွက် ဘယ်လိုမှ အထောက်အပံ့ မရတော့ဘူး။ လယ်ယာမြေတွေလည်း ရေမလုံလောက်မှုနဲ့ ရေလွှမ်းမိုးမှု ၂ ခုစလုံး တပြိုင်နက် ခံစားရတယ်။ ဂေဟစနစ် ပျက်စီးလာတာပေါ့ဗျာ။ ဒါကို ကာကွယ်ဖို့အတွက် နုန်းတား ဆည်ကြီးတွေ ဆောက်လုပ်ပေးဖို့၊ သစ်တောပြုန်းတီးမှု ကာကွယ်ပေးဖို့နဲ့ မြင့်တက်လာတဲ့ မြေထုပမာဏ လျှော့ချနိုင်ဖို့ ဆည်မြောင်းက လာရောက်စစ်ဆေးပြီး စနစ်တကျ စက်ကြီးတွေနဲ့ လာရောက်တူးဖော်ပေးဖို့ လိုအပ်ပါတယ်။ နှစ်စဉ် ရေခမ်းခြောက်မှုရော ရေကြီးမှုကိုပါ တစ်နှစ် အတွင်းမှာ ၂ ခုလုံး ခံစားနေရပါတယ်"လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးကန်ဖြစ်တဲ့ အင်းလေးကန်ဟာ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး အတွက် အဓိက အားထားရတဲ့ ဒေသတခုဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၄၄ ဒသမ ၉ စတုရန်းမိုင် ရှိကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၉၀၀ မှာတည်ရှိတာ ဖြစ်ပါတယ်။
ထိရောက်တဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိပါက အင်းလေးကန်အတွင်း လာမဲ့နှစ်တွေမှာ ရေကြီးတာဲ့ ရေရှားပါးတဲ့ ဒဏ်ကို ပိုမို ကြုံတွေ့လာရနိုင်ကြောင်း အင်းလေးကန် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ထုတ်ဖော်ပြောပါတယ်။
အင်းလေး ဒေသခံတယောက်က "အခုက ရေအတက်အကျ တအားမြန်တယ်။ တက်ရင်လည်း ၁ လ၊ ၂ လအတွင်းကို ခါတိုင်း တက်နေကျ အတိုင်းအတာထက် ကျော်သွားတာပေါ့။ ကျရင်လည်း လှေတောင် သွားလို့မရတဲ့အထိ ဖြစ်သွားတော့ တအား ဒုက္ခရောက်ကြတာပေါ့။ စိန်ခေါ်မှုကတော့ အကြီးကြီးပါပဲ။ အင်းထဲက စိုက်ပျိုးရေးလုပ်ငန်းရယ်၊ ခရီးသွားလုပ်ငန်းရယ်ကို အဓိကထား လုပ်တာဆိုတော့ ရေတအားခမ်းတဲ့ အချိန်ဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့ဘူးပေါ့နော်။ စိုက်ထားတဲ့ သီးနှံတွေလည်း စံချိန်မီအောင် မထွက်တော့ဘူး။ အဲဒီလိုဖြစ်တော့ တအား ဒုက္ခရောက်ပါတယ်။ အင်းလေးမှာ နေထိုင်တဲ့ လူမှုစီးပွား အခြေခံကစပြီး ဘဝကို များစွာ ထိခိုက်မှုရှိပါတယ်"လို့ ပြောပါတယ်။
ခမ်းခြောက်လာနေတဲ့ အင်းလေးကန်ကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ပြည့်နှစ်မှာ လမ်းညွှန်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ စတင်ကာ ၁၀ နှစ်စီမံကိန်းနဲ့ ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၁၅ ခုနှစ်အတွင်းက ငွေကျပ်သိန်း ၁၀,၀၀၀ နဲ့ ဝယ်ယူခဲ့ပြီးနောက် အသုံးမပြုနိုင်ဘဲ ပျက်စီးနေတဲ့ နုန်းမြေစုပ်စက်ကိုလည်း ၂၀၂၄ ခုနှစ်မှာ ဆည်မြောင်းဦးစီးဌာနသို့ ပြန်လည်အပ်နှံထားပေမဲ့ လက်ရှိအချိန်အထိ လာရောက်ပြုပြင်ပေးခြင်း မရှိသေးဘူးလို့ သိရပါတယ်။











