DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးသံတမန် တွေ့ခွင့်ရရန် ထိုင်း မျှော်လင့်
သုတချမ်းသာ
·
August 7, 2026
Reuters: Reuters 
Reuters: Reuters 
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်က တွေ့ဆုံခွင့် ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်ဖွန်ကတ်ကယောက်က ဩဂုတ် ၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စစ်အာဏာရှင်ဟာ ထိုင်းနိုင်ငံခရီးစဉ်မတိုင်ခင် ဩဂုတ် ၃ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စား လှယ်နဲ့တွေ့ဆုံခွင့်ပေးခဲ့ပေမဲ့ အာဆီယံသံတမန်အနေနဲ့ သီးခြားတွေ့ဆုံခွင့်ထပ်ရဖို့ စစ်ခေါင်း ဆောင်ကို ဖိအားပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့စိုးရိမ်မှုတွေကို မြန်မာဘက်က တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

လက်ရှိ စစ်ခေါင်းဆောင်နဲ့ ဆက်ဆံနေတာဟာ မြန်မာပြည်တွင်းငြိမ်းချမ်းရေး၊ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေရရှိရေးအတွက်သာဖြစ်ပြီး အစိုးရတရပ်အဖြစ် အသိအမှတ်ပြုတာ မပြုတာနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး  ဆီဟာဆက်က "ကျနော်တို့က အိမ်နီးချင်းနိုင်ငံတခုပါ။ ကျနော်တို့ဟာ လက်တွေ့ဘဝကို ကိုင်တွယ်ဖြေရှင်းနေပါတယ်။ နယ်စပ်တလျှောက်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးလမ်းကြောင်းပေါ်မှာ မြန်မာနိုင်ငံကို ကူညီရာမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ရပါမယ်။ အဲဒါကို အောင်မြင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အာဏာရှိသူတွေနဲ့ ဆွေးနွေးဖို့ပါပဲ။ ကျနော်တို့ဟာ တခြားသူတွေကို ကျနော်တို့ရဲ့ လမ်းကြောင်းကို လိုက်ဖို့ မတောင်းဆိုပါဘူး။ သူတို့ ဘာလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်ရမှာက သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ တရားဝင်မှုနဲ့ မပတ်သက်ပါဘူး။ လက်တွေ့ဘဝနဲ့ပဲ ပတ်သက်ပါတယ်”လို့ ပြောပါတယ်။

အာဆီယံက မြန်မာနိုင်ငံကို ကုန်သွယ်၊ စီးပွားရေးလုပ်ငန်းတွေအတွက် အဖွဲ့အစည်းအတွင်း ပြန်လည် အသိအမှတ်ပြုဖို့ စဉ်းစားချက်တွေ​ရှိနေပေမဲ့ ပြည်တွင်းပြဿနာတွေ တည်ငြိမ်ရေးက အဓိကစိန်ခေါ်ချက်ဖြစ်နေတာပါ။

ကောင်းမွန်တဲ့အခြေအနေကို ပြန်ရောက်နိုင်ရေးဟာ အာဆီယံက အစဉ်တစိုက်တိုက်တွန်းခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို လေးစားလိုက်နာဖို့ဖြစ်ပြီး သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးက ဘယ်လို ရွေးချယ်တယ်ဆိုတဲ့အပေါ်မူတည်ပြီး အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေက စဉ်းစားရတဲ့အခြေအနေသာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံတခုတည်းက မူဝါဒရေးရာ ပြဋ္ဌာန်းဖို့မဖြစ်နိုင်ဘဲ အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက်ကသာ ဆုံးဖြတ်ချက်ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က "ကျနော်တို့ဟာ သူတို့ကို ပိုပြီးကောင်းအောင်လုပ်ဖို့ ဆက်လက်တိုက်တွန်းနေပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့အပေါ် တခုခုပြဋ္ဌာန်းဖို့က ကျနော်တို့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ သူတို့သွားချင်တဲ့လမ်းကို ရွေးချယ်ဖို့က သူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ နိုင်ငံရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံက ပါတီအားလုံး စုစည်းရမယ် မဟုတ်လား။ ဘာလို့လဲဆိုတော့ စစ်ရေးအရ အောင်ပွဲမရှိဘူးဆိုတာကို အသိအမှတ်ပြုထားလို့လို့ ကျနော်ထင်ပါတယ်။ စစ်ရေးအခြေအနေကို ဆက်လက်တည်တံ့အောင် မကြိုးစားသင့်ဘူး မဟုတ်လား။ ငြိမ်းချမ်းရေးစကားပြောဖို့ အချိန်တန်ပြီ ထင်ပါတယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေတုန်း စစ်အာဏာရှင် မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြန်ရောက်နေပြီး အသွင်ပြောင်းအစိုးရဟာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးနေတယ်လို့ ပြောဆိုထားပါတယ်။ 

"မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှိနေပြီး ပိုကောင်းမွန်တဲ့ အနာဂတ်ဆီကို ဦးတည်နေပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့  လက်ရှိမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိပါတယ်။"

ပြည်တွင်းမြေပြင်မှာတော့ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ သာလွန် အင်အားသုံးအကြမ်းဖက်တိုက်ခိုက်တာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေကို စစ်တပ်က ဆက်လက်ကျူးလွန်နေပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာတွေကတော့ စစ်အာဏာရှင်ကိုလက်မခံကြောင်း ဩဂုတ် ၆ ရက်မှာ ဘန်ကောက်မြို့ ကုလသမဂ္ဂ (UN) ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်ကို ထိုင်းအစိုးရက ထိတွေ့ဆက်ဆံတာနဲ့ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်ကြောင်း ထိုင်းအရပ်အဖက်အဖွဲ့အစည်း ၁၆ ခုက ဩဂုတ် ၅ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

ထိုင်း အရပ်ဘက်အဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ စစ်ခေါင်းဆောင်ကို ထိုင်းနိုင်ငံအတွင်း လက်ခံတွေ့ဆုံခြင်း မပြုဖို့နဲ့ ထိုင်းအစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့လိုလားချက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဘက်ကနေ ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့ တောင်းဆိုထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013