DVB Logo
Home
မြန်မာသတင်း
အလုပ်လုပ်ခွင့်မရှိသူ မြန်မာများအား ခိုင်းစေမှုဖြင့် ဂျပန်လုပ်ငန်းရှင် အဖမ်းခံရ
DVB
·
May 21, 2017
အလုပ်လုပ်ခွင့်မရှိသူ မြန်မာများအား ခိုင်းစေမှုဖြင့် ဂျပန်လုပ်ငန်းရှင် အဖမ်းခံရ
Donate to DVB

ဂျပန်လူဝင်မှုဥပဒေအရ အလုပ်လုပ်ခွင့်မရှိပဲ မြန်မာ ၁၃ ဦးကို ဟိုတယ်သန့်ရှင်းရေးလုပ်ငန်းမှာ ခိုင်းစေမှုနဲ့ တိုကျိုမြို့က အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းရှင်အပါအ၀င် ဂျပန်လူမျိုး ၃ ဦးကို ဂျပန်ရဲတပ်ဖွဲ့က မေ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ဒါ့အပြင် အလုပ်သင်ဗီဇာနဲ့ လာရောက်ပြီး အခြားအလုပ်ပြောင်း လုပ်ကိုင်သူ မြန်မာ ၅ ဦးကိုလည်း ဂျပန်လူဝင်မှု ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းလိုက်ကြောင်း ဂျပန်ရဲဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းရှင်ဟာ အသက် ၇၅ နှစ်အရွယ်ဖြစ်ပြီး ဒုက္ခသည်အဖြစ် လျှောက်ထားဆဲ အလုပ်လုပ်ခွင့်မရှိသေးသူတွေကို တရားမ၀င် တလယန်း ၁၀ သောင်း (မြန်မာငွေကျပ် ၁၁ သိန်းလောက်) နဲ့ ခိုင်းစေနေကြောင်း၊ နိုင်ငံခြားသား အယောက် ၂၀၀ ကို ခန့်ထားပြီး လုပ်ဆောင်နေတာကြောင့် အခြားသူတွေကိုလည်း ဆက်လက်စုံစမ်းနေကြောင်း သိရပါတယ်။

အခုနှစ်ပိုင်းအတွင်း ဂျပန်နိုင်ငံက နည်းပညာတွေလေ့လာပြီး ကိုယ့်နိုင်ငံကို တိုးတက်အောင်လုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အလုပ်သင်ဗီဇာဖြင့် ခေါ်ယူသူများပြားလာပြီး အဲဒီလူတွေဟာ ခေါ်ယူခဲ့တဲ့ အလုပ်တွေမှာပဲ အလုပ်လုပ်ပိုင်ခွင့်ရှိပြီး အခြားအလုပ် ပြောင်းခွင့်မရှိသလို အချိန်ပိုင်းအလုပ်တွေလည်း လုပ်ခွင့်မရှိကြောင်း ဥပဒေအရ သတ်မှတ်ထားပါတယ်။

ပညာသင်ရန် နေထိုင်ခွင့်နဲ့ မိသားစုမှီခိုနေထိုင်ခွင့်ရရှိထားသူတွေဟာလည်း တပတ် ၂၈ နာရီသာခွင့်ပြုထားပြီး ဂျပန်လူဝင်မှုဌာနက သိရှိသွားပါက နေထိုင်ခွင့် ဖျက်သိမ်းခံရပြီး မိခင်နိုင်ငံ ပြန်ပို့ခံရမှာဖြစ်ပါတယ်။

အခုလို မြန်မာလူမျိုးတွေ အလုပ်မှ ထွက်ပြေးကာ အခြားအလုပ်တွေ ပြောင်းလုပ်ကိုင်နေမှု မြင့်တက်လာတာဟာ ဂျပန်နိုင်ငံဥပဒေအရ မြန်မာနိုင်ငံသားတွေဟာ အနည်းဆုံး မြန်မာကျပ်ငွေ ၁၃ သိန်းလောက် ရရှိမှာဖြစ်ပေမယ့်  မြန်မာကျပ်ငွေ ၃ သိန်းလောက်သာရရှိတာ၊ မြန်မာနိုင်ငံကနေ ၀န်ဆောင်ပို့ပေးတဲ့ အေးဂျင့်အချို့ရဲ့ မတရားခိုင်းစေမှုတွေကြောင့် ဖြစ်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂမှ ဦးမြင့်ဆွေက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဂျပန်အစိုးရကလည်း အလုပ်သမားခ ဈေးပေါပေါနဲ့ရလို့ နိုင်ငံခြားသားအလုပ်သင် အလုပ်သမားတွေကို ကာကွယ်ပေးတဲ့ ဥပဒေကို တိတိကျကျ မပြဋ္ဌာန်းထားနိုင်သေးဘူးလို့လည်း အလုပ်သင်အလုပ်သမားတွေကို လိုက်လံကူညီနေသူ ဂျပန်လူမျိုးရှေ့နေကြီး အိဘု ဆုခိ စံက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013