
ဇူလိုင်လမှာ ကျရောက်မဲ့ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်း နှစ် ၂၅၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ပုံ ပါဝင်တဲ့ ပတ်စ်ပို့တွေကို အကန့်အသတ်နဲ့ ထုတ်ဝေသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပတ်စ်ပို့ စာမျက်နှာတဖက်မှာ ထရမ့်ပ်ရဲ့ပုံ ပါဝင်မှာဖြစ်ပြီး မျက်နှာချင်းဆိုင် စာမျက်နှာမှာတော့ ၁၇၇၆ ခုနှစ်က လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးနေတဲ့ပုံကို ဖော်ပြထားမှာပါ။
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီပစ်ဂေါ့တ်က “ဒီပတ်စ်ပို့တွေဟာ အမေရိကန်ပတ်စ်ပို့တွေကို ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံး စာရွက်စာတမ်း ဖြစ်စေတဲ့ လုံခြုံရေးအင်္ဂါရပ်တွေကို ထိန်းသိမ်းထားမှာဖြစ်ပြီး သီးသန့်ရေးဆွဲထားတဲ့ အနုပညာ လက်ရာတွေနဲ့ ပုံရိပ်တွေကို ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အခုလို ထုတ်ဝေမဲ့ အထူးထုတ် ပတ်စ်ပို့တွေအတွက် အပိုကုန်ကျစရိတ် ပေးဆောင်ရမှာ မဟုတ်ဘူးလို့လည်း ထပ်မံ ကြေညာထားပါတယ်။
ဒါ့အပြင် နိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထရမ့်ပ်ပုံပါဝင်တဲ့ ၂၄ ကာရက် ရွှေဒင်္ဂါးပြား ထုတ်ဝေဖို့လည်း စီစဉ်နေပါတယ်။
အမေရိကန် ငွေစက္ကူတွေပေါ်မှာလည်း ထရမ့်ပ်ရဲ့လက်မှတ်ကို ထည့်သွင်းသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ ဒါဟာ တာဝန်ထမ်းဆောင်ဆဲ သမ္မတ တယောက်အနေနဲ့ အမေရိကန်ငွေစက္ကူပေါ်မှာ ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးတာလည်း ဖြစ်ပါတယ်။
ဂျွန်အက်ဖ်ကနေဒီ တင်ဆက်မှုအနုပညာစင်တာနာမည် ရှေ့မှာလည်း ထရမ့်ပ်က သူ့နာမည် ထပ်ထည့်ပါတယ်။
ဆေးဝါးဝယ်ယူရေး ဝက်ဘ်ဆိုက်၊ ကလေးသူငယ် စုဆောင်းငွေစာရင်းနဲ့ တခြားထင်ရှားတဲ့ နေရာတွေမှာလည်း သူ့နာမည်ကို အစွဲပြု မှည့်ခေါ်ထားပါတယ်။
Source: Reuters










