
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ထောက်ခံမှုနှုန်း စံချိန်တင် ကျဆင်းနေတယ်လို့ ရိုက်တာနဲ့ အစ်ဆော့တို့ရဲ့ စစ်တမ်းကောက်ယူမှုတွေက ဖော်ပြနေပါတယ်။
လောင်စာဆီဈေးနှုန်းတွေ တက်တာကို စိုးရိမ်နေတဲ့ အမေရိကန်တွေက ရီပတ်ဘလစ်ကန်ပါတီကို နိုဝင်ဘာ ၃ ရက် လွှတ်တော်ရွေးကောက်ပွဲမှာ အပြစ်ပေးဖို့ အသင့်ဖြစ်နေပြီလို့လည်း ရိုက်တာက ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ထရမ့်ပ်ကို ထောက်ခံသူက ၃၁ ရာခိုင်နှုန်းသာ ရှိပြီး ပြီးခဲ့တဲ့ ၂ ပတ်ကထက် ထောက်ခံမှုတွေ ကျဆင်းခဲ့ကာ သူ့ရဲ့ သမ္မတ သက်တမ်းကာလတလျှောက် ထောက်ခံမှု အနည်းဆုံးကို ရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့မှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် သင့်အနေနဲ့ ဘယ်ပါတီကို မဲပေးမလဲဆိုတဲ့ မေးခွန်းနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်တမ်းကောက်ခဲ့တဲ့အချိန်မှာ ဒီမိုကရက်တစ်တွေကို ၄၇ ရာခိုင်နှုန်း အဆိုပြုခဲ့ပြီး ရီပတ်ဘလစ်ကန်တွေကို ရွေးချယ်မှုက ၃၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
အဲဒီစစ်တမ်းအရ ဒီမိုကရက်က ၁၂ မှတ်အသာ ရခဲ့တာဖြစ်ပြီး အမေရိကန် လွှတ်တော် ၂ ရပ်လုံးကို ထိန်းချုပ်နိုင်ဖို့ ဒီမိုကရက် မျှော်လင့်ချက်တွေ ပိုခိုင်မာလာပါတယ်။
အထွေထွေမဲပေးမှုစစ်တမ်းဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူထုရဲ့ ခံစားချက်ကို ဖော်ပြနေပါတယ်။
ဒါပေမဲ့ ဒီစစ်တမ်းဟာ ပြည်နယ်တွေအလိုက် ခရိုင်တွေအလိုက် ရွေးချယ်မဲ့ လွှတ်တော် ၂ ရပ်လုံး အတွက်တော့ ကွဲပြားမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းကောက်ယူမှုကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး မှတ်ပုံတင်ထားတဲ့ မဲပေးနိုင်သူ ၁,၂၇၉ ယောက် အပါအဝင် အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၁,၆၇၉ ယောက်ရဲ့ မဲပေးမှု ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters











