
သံလွင်မြစ်ရေ မြင့်တက်ပြီး နှစ်စဉ်ရေကြီးတာကို ရင်ဆိုင်နေရတဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ လှေလုံလောက်မှုမရှိတာကြောင့် အခက်အခဲတွေနဲ့ နှစ်တိုင်း ကြုံတွေ့ရတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
ဘားအံမြို့မှာ ဇူလိုင် ၁၅ ရက် မနက် ၆ နာရီခွဲချိန်တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအောက် ၇၄၈ စင်တီမီတာကို ရောက်ရှိနေပါတယ်။
မိုးအဆက် မပြတ်ရွာပြီး တောင်ကျရေနဲ့ သံလွင်မြစ်ရေကြောင့် ရေကြီးမှုတွေဖြစ်ပေါ်နိုင်တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့အပြင် ယာယီကယ်ဆယ်ရေးစခန်း ၃ ခု ပြင်ဆင်ထားပါတယ်။
လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတယောက်က “အဓိကကတော့ အမှတ် ၇ ၊ ၃၊ ၂၊ ၁၊ ၅၊ ကျနော်တို့ အမှတ် ၉ ပေါ့။ ဝါဆိုဦးမြို့အထွက်ပေါ့။ အဲဒါတွေက ကမ်းနားနဲ့ နီးစပ်တဲ့ နေရာတွေလေ။ အဲဒီမှာ တကယ်တမ်း လုံလောက်မှုကတော့ မရှိဘူး။ မီးသတ်ကတော့ ၈ စီးလောက်ရှိတယ်။ စက်တပ်ပေါ့။ စက်တပ်တွေကလည်း ချောင်ကြိုးချောင်ကြားမောင်းလို့ မရဘူးလေ။ လှေက လုံလောက်မှုမရှိတဲ့ဟာကျတော့ ရေမြုပ်နေတဲ့အိမ်တွေ သွားကယ်တဲ့အခါကျတော့ နည်းနည်း အခက်အခဲရှိတာပေါ့။ ရေမြုပ်တဲ့အိမ်တွေ သွားတာ အခက်အခဲရှိတယ်။ ဖြစ်လာရင် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိတယ်”လို့ ပြောပါတယ်။
ဘားအံမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁ ၊ အမှတ် ၂ ၊ အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၅ ၊ အမှတ် ၇ ၊ အမှတ် ၈ ၊ အမှတ် ၉ ရပ်ကွက်တွေကို သံလွင်မြစ်ရေ နှစ်စဉ်ရေဝင်ရောက်ခဲ့တာကြောင့် ရပ်ကွက်အလိုက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပါတယ်။
ရေဘေးသင့်ကျောင်းတိုက်တခုက ဆရာတော်တပါးက “အကုန်လုံးပြင်ဆင်ထားတာတော့ တွေ့တယ်။ ၂ နေရာ ၃ နေရာတော့တွေ့တယ်။ (ကယ်ဆယ်ရေးလှေ) အဲဒါတော့ လုံလောက်မှုမရှိသေးဘူး။ နည်းပါးတယ်။ လုံလောက်မှု မရှိဘူးဆိုတာက သွားကယ်နေတဲ့နေရာက သပ်သပ်။ အကယ်၍ သွားမကယ်နိုင်တဲ့နေရာကျတော့ သူတို့ကအမြင့်တွေမှာ တက်နေနေရတော့ လှေက မရှိနိုင်ဘူး။ လှေတွေ အများကြီးရှိလို့ရှိရင်လည်း လုံလုံလောက်လောက်တွေဆိုရင်တော့ ပိုပြိးကောင်းတာပေါ့။ လိုအပ်တာကလည်း အကယ်၍များ ဖြစ်နိုင်တယ်ဆိုလို့ရှိရင် တာယာကွင်း ဘောယာတွေ၊ သက်ကယ်အင်္ကျီတွေ ပိုရှိရင်တော့ ကောင်းတာပေါ့။ သူတို့က လုပ်နိုင်သလောက်တော့ လုပ်ထားကြပါတယ်”လို့ မိန့်ပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းတုန်းကလည်း သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၂၇ စင်တီမီတာကို ရောက်ရှိခဲ့တာကြောင့် ဘားအံမြို့မှာ မြို့ပေါ်က ကယ်ဆယ်ရေးစခန်း ၂၀ ခုနဲ့ အနီးအနား ကျေးရွာက ကယ်ဆယ်ရေးစခန်း ၄ ခုမှာ မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေအပါအဝင် ရေဘေးသင့်ပြည်သူ ၁၄,၀၀၀ ကျော်ဟာ ခိုလှုံခဲ့ရပါတယ်။










