
မလေးရှားနိုင်ငံကနေ ပြန်ခေါ်လာတဲ့ လူငယ်တွေကို စစ်အာဏာရှင် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မှတ်ပုံတင်အမြန်လုပ်ပေးနေတာကြောင့် စစ်မှုထမ်းခိုင်းမှာကို ပြန်ရောက်တဲ့ လူငယ်တွေ စိုးရိမ်နေကြပါတယ်။
အောက်တိုဘာ ၉ ရက်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့မှာ မလေးရှားနိုင်ငံက ပြန်ခေါ်လာတဲ့လူငယ်တွေကို စစ်အာဏာရှင်တပ်နဲ့ တိုင်းအစိုးရအဖွဲ့က မှတ်ပုံတင်လုပ်ပေးတာလို့ ပြန်ရောက်လာတဲ့လူငယ်တယောက်က ပြောပါတယ်။
"ပြန်ရောက်လာတဲ့အထဲမှာ ရခိုင်လူငယ်တွေများတယ်၊ အဲ့လိုလူတွေကို အမြန်လုပ်ပေးတာ မှတ်ပုံတင် မရှိလို့ လုပ်ပေးတာထက် ရောက်တဲ့မြို့နယ်ကနေ စစ်မှုထမ်းခိုင်းမှာကို စိုးရိမ်တာ။ စစ်မှုထမ်းမယ်ဆိုရင် မှတ်ပုံတင်ကမရရှိမဖြစ်လိုတယ်လေ။ ဒါကြောင့် စိုးရိမ်ကြတာ။"
ထန်းတပင်မြို့နယ်မှာလည်း မလေးရှားနိုင်ငံကနေ ပြန်ခေါ်လာတဲ့လူငယ်တွေကို မှတ်ပုံတင်လုပ်ပေး နေတယ်လို့ ဒေသခံက ပြောပါတယ်။
"ထန်းတပင်မှာ မလေးရှားက ပြန်ရောက်လာတဲ့သူ ၉၁ ယောက်ရှိတယ်။ သူတို့ကိုလည်း ကိုယ်ရေးမှတ်တမ်းတွေ ကောက်ပြီး မှတ်ပုံတင် အတင်းလုပ်ပေးနေတာ အကုန်လုံးက စစ်မှုထမ်းခိုင်းမှာ ကြောက်နေတယ်။”
အလားတူ ပဲခူးတိုင်းမှာလည်း မလေးရှားနိုင်ငံကနေ ပြန်ခေါ်လာတဲ့ လူငယ် ၁၀၂ ယောက်ရှိပြီး မှတ်ပုံတင်နဲ့ UID ကတ်တွေကို နေ့ချင်းပြီး အမြန်လုပ်ပေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"ပဲခူးတိုင်းမှာ မလေးရှားကနေ ပြန်ရောက်လာတဲ့သူ ၁၀၂ ယောက်ရှိတယ် ယောကျ်ားလေး ၉၂ ယောက်၊ မိန်းခလေး ၁၀ ယောက်၊ သူတို့ကိုလည်း မှတ်ပုံတင်နဲ့ UID ကတ် နေ့ချင်းအပြီး လုပ်ပေးတာ။ ဘာရည်ရွယ်ချက်နဲ့ အမြန်လုပ်ပေးလဲတော့ မသိဘူး။”
အောက်တိုဘာ ၄ ရက်က မလေးရှားနိုင်ငံကနေ စစ်သင်္ဘော ၃ စင်းနဲ့ ပြန်ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ယောက် အောက်တိုဘာ ၄ ရက်က ရန်ကုန်ကို ပြန်ရောက်လာတာမှာ အမျိုးသား ၁,၃၇၀ ယောက်၊ အမျိုးသမီး ၇၉ ယောက်၊ ကလေး ၂၇ ယောက် ပါဝင်တယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။











