
ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၄ ခုမှာ အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ပြင်ဆင် နေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီအိမ်ရာစီမံကိန်းတွေကို ဗိုလ်တထောင်မြို့နယ်၊ လှိုင်မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တို့မှာရှိတဲ့ မြေကွက်အလွတ် ၄ ကွက်မှာ ဆောက်လုပ် အကောင်အထည်ဖော်သွားမှာလို့ ဆိုပါတယ်။
မြို့ပြဖွံ့ဖြိုးရေးအတွက် ဖော်ဆောင်မယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရည်ညွှန်းထားပြီး ဆောက်လုပ်မဲ့ အိမ်ရာစီမံကိန်းတွေကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကာ အကျိုးတူစနစ်နဲ့ လုပ်သွားမယ်လို့ ကြေညာထားပါတယ်။
အကောင်အထည်ဖော်မဲ့ စီမံကိန်းမြေတွေမှာ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ ဗိုလ်တထောင်နဲ့ လှိုင်မြို့နယ်လို နေရာတွေ ပါနေတာကြောင့် သာမန်လူတန်းစားတွေအတွက် ရည်ရွယ်တဲ့ အိမ်ရာ အမျိုးအစား မဖြစ်နိုင်သလို စီမံကိန်းကို စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွှယ်သူထဲက လုပ်ခွင့် ခွဲဝေရယူထားပြီး ဖြစ်နိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။
“အကွက်ကောင်း နေရာကောင်းကို တော်ရုံလုပ်ငန်းရှင် မတိုးနိုင်ဘူး။ အခုဟာတွေ ဆိုရင်လည်း လက်သိပ်ထိုး ပေးထားပြီး လုပ်ငန်းသဘောအရ အဖြစ်ကြေညာရုံပဲနေမှာ။”
အဲဒီအိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းရှင်တွေကို ဇွန် ၂၅ ကနေ ဇူလိုင် ၂၄ အထိ တင်ဒါပုံစံ ရောင်းချမှာဖြစ်ပြီး သြဂုတ် ၇ ရက်မှာ တင်ဒါအဆိုပြုလွှာ တင်ရမယ်လို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက အသိပေးထားပါတယ်။
အဲဒီလို တင်ဒါဝင်ပြိုင်ဖို့ ကမ်းလှမ်းထားပေမဲ့ ဆောက်လုပ်ရေးငန်းရှင် အများစုက စိတ်ဝင်စားမှု နည်းနေခဲ့ပြီး လုပ်ခွင့်ရသူဆီက တဆင့်ခံ လုပ်ငန်းအပ်နှံတာ ရရှိဖို့ကိုပဲ မျှော်လင့်တာမျိုး ရှိနေတယ် လို့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အာဏာသိမ်းပြီးနောက်မှာ ဖော်ဆောင်တဲ့ စီမံကိန်းတွေနဲ့ ပုဂ္ဂလိကလွှဲပြောင်းတဲ့ လုပ်ငန်းတွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုက လက်ဝါးကြီးအုပ် ရယူနေပြီး တချို့တလေကို တခြား စစ်တပ်နဲ့ ပတ်သက်နေသူတွေ လုပ်ခွင့်ရရှိနေတာလို့ စစ်အုပ်စုရဲ့ အကျိုးစီးပွားရှာတဲ့ လုပ်ရပ်ကို စောင့်ကြည့်နေသူတွေက ထုတ်ဖော် ပြောဆိုထားပါတယ်။










