
ရန်ကုန်တိုင်း တွံတေးနဲ့ ကြည့်မြင်တိုင်မြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်က ယာဥ်တိုက်မှု ၂ ခု ဖြစ်ခဲ့ပြီး ယာဥ်နောက်လိုက်တယောက် သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရ ပါတယ်။
မနေ့ည ၈ နာရီက တွံတေးမြို့နယ် တမံကြီးကျေးရွာအနီး တွံတေး-လှိုင်သာယာ ကားလမ်းပေါ်မှာ လိုက်ထရပ်ကားနှစ်စီး တိုက်မိပြီး ယာဥ်နောက်လိုက်တယောက် သေဆုံးခဲ့တယ်လို့ မြို့ခံ တယောက် က DVB ကို ပြောပါတယ်။
“လိုက်ထရပ်နှစ်စီး တိုက်တာ၊ အနောက်ကဝင်တိုက်တဲ့ လိုက်ထရပ်ကားက ယာဥ်နောက်လိုက် သေသွားတယ်။ တိုက်တဲ့ယာဥ်မောင်းက အရက်သောက်ထားတယ်။ သူ့ကို စခန်းက စစ်ဆေး နေတယ်။”
အဆိုပါယာဥ်တိုက်မှုမှာ သေဆုံးသူ အမျိုးသား ရုပ်အလောင်းကို စိတ္တသုခ လူမှုကယ်ဆယ်ရေး အသင်းက လူနာတင်ယာဉ်နဲ့ တွံတေးမြို့နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
အလားတူ စက်တင်ဘာ ၂၂ ရက် မနက် ၂ နာရီကလည်း ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း ဟုမ်းလမ်းမှတ်တိုင်အနီးမှာ ဟိုက်ဂျက်ကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး အမျိုးသား၊ အမျိုးသမီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းဝင်တယောက်က DVB ကို ပြောပါတယ်။
“ဈေးကြိုကားနဲ့ ပရိုဘောက်ကား တိုက်တာ။ ဒဏ်ရာရတာက ဈေးလာကြိုတဲ့သူတွေ၊ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၅ ယောက် ဒဏ်ရာရတယ်။ အဲဒီထဲမှာ ၃ ယောက်က စိုးရိမ်ရတယ်။”
အဆိုပါယာဉ်တိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကြီးလေးကြီး လူမှုကူညီရေးအသင်း၊ အားမာန် အသင်းနဲ့ ပြည်သူ့လူရွှင်တော်အသင်းတွေက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက် ည ၁၀ နာရီကလည်း တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းမကြီး နန္ဒဝန်ဈေးရှေ့မှာ တွန်းလှည်းနဲ့ စျေးသိမ်းပြီးပြန်လာတဲ့ သားအမိနှစ်ယောက်ကို ကားတစီးက ဝင်တိုက်ခဲ့လို့ မိခင်ဖြစ်သူ သေဆုံးခဲ့ပါတယ်။











