DVB Logo
Home
မြန်မာသတင်း
လေပြင်းကျရောက်မှုကြောင့် ဂန့်ဂေါမြို့နယ်တွေ အရေးပေါ်အကူအညီ လိုအပ်
DVB
·
April 23, 2017
လေပြင်းကျရောက်မှုကြောင့် ဂန့်ဂေါမြို့နယ်တွေ အရေးပေါ်အကူအညီ လိုအပ်
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ဂန့်ဂေါ၊ ပခုက္ကူ၊ မင်းဘူး၊ စလင်း စတဲ့ မြို့နယ်တွေမှာ လူနေအိမ်၊ စာသင်ကျောင်းတွေနဲ့ သာသနိကအဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရပါတယ်။

တစ်တိုင်းလုံးမှာ ဂန့်ဂေါမြို့နယ်က ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ရပ်ကျေး ၁၆ ခုက လူနေအိမ် ၂၄၀၊ ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ အခြား ၁၈ ခု၊ ပညာရေးဝန်ထမ်းအိမ်ရာ အမိုး ၂ ခု လေလန်ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၄၀၀ နီးပါးထိရှိတယ်လို့ သိရပါတယ်။

“စာရင်းတွေတိတိကျကျရအောင် လိုက်ကောက်ပြီးတင်ခိုင်းထားတယ်။ ခုထိတော့ အသေးစိတ်ရောက်မလာသေးဘူး။ ကြားရတဲ့သတင်းတွေကတော့ ဂန့်ဂေါက အများဆုံးပါ။ အဲဒါနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး သဘာဝဘေးဒဏ် အရေးပေါ်ရန်ပုံငွေထဲကနေ ကူညီဆောင်ရွက်ပေးသွားမယ်။ ဂန့်ဂေါကတော့ လူအသေအပျောက်မရှိပေမယ့် အခြားနေရာတွေမှာတော့ ရှိတယ်လို့ ကြားတယ်။ သတင်းစာရင်းတော့ မရောက်လာသေးဘူး။ လူမှုရေးဝန်ကြီးကလည်း ခရီးသွားနေတယ်။ ပြန်မရောက်သေးဘူး။” လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးမြင့်ဇော်က ဒီဗွီဘီကိုပြောပါတယ်။

မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် ဒေသခံတွေမှာ မိုးကာအပါအဝင် အခြားအကူအညီတွေလည်း အရေးပေါ်လိုအပ်နေပါတယ်။ ဘေးဒဏ်ခံခဲ့ရတဲ့ နေရာတွေကို မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီတာတွေပြုလုပ်ခဲ့ကြပါတယ်။

“အစ်မတို့ အခု ဘေးဒဏ်ခံခဲ့ရတဲ့ ရွာတွေကိုသွားရောက်ပြီး ကွင်းဆင်းစစ်ဆေးတာတွေလုပ်နေတယ်။ အများဆုံး လူနေအိမ်တွေပျက်စီးတယ်။ ဘုန်းကြီးကျောင်းတွေလည်းပါတယ်။ စာသင်ကျောင်းတွေလည်း တော်တော်ပျက်စီးတယ်။ လူအသေအပျောက်တော့မရှိဘူး။ လောလောဆယ်တော့ စာရင်းအတိအကျရအောင် ကောက်ယူနေတုန်းပဲ။ ဒီဟာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေရရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ဒီဗွီဘီကိုပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ခုနောက်ပိုင်း သဘာဝဘေးဒဏ်တွေကို အရင်ကထက် ပိုမိုခံစားလာနေရတာပါ။ သစ်တောတွေ ပြုန်းတီးလာတဲ့အတွက် မိုးခေါင်တာ၊ လေပြင်းကျတာ၊ ရေကြီးတာ၊ ပူပြင်းခြောက်သွေ့တာတွေကို ပိုမိုခံစားလာနေရတာပါ။ ပြီးခဲ့တဲ့နှစ်တွေက ဂန့်ဂေါမြို့က စံချိန်တင်တဲ့အထိ အပူချိန်တွေ မြင့်တက်ခဲ့ပါသေးတယ်။

သဘာဝဘေးဒဏ်တွေက သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေဖြစ်ပြီး ဆက်လက်လျော့ပါးလာအောင် ရှိပြီးသားသစ်တောတွေကို စနစ်တကျ ထိန်းသိမ်းတာ၊ အသစ်ပြုစုပျိုးထောင်တာတွေကို အလျင်အမြန်လုပ်ဖို့လည်း လိုအပ်နေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013