DVB Logo
Home
မြန်မာသတင်း
မူဆယ်ကူးတို့ဆိပ် လေလံအောင်သည့် ပြည်သူ့စစ်အဖွဲ့ကို ဒေသခံများဆန္ဒပြ
DVB
·
April 20, 2017
မူဆယ်ကူးတို့ဆိပ် လေလံအောင်သည့် ပြည်သူ့စစ်အဖွဲ့ကို ဒေသခံများဆန္ဒပြ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နောင်ခိုရွာမှာ ရွှေလီမြစ်ကူးတို့ဆိပ် လေလံအောင်တဲ့ မြို့မပြည်သူ့စစ်အဖွဲ့ကို မကျေနပ်လို့ ဧပြီ ၁၈ ရက်ညနေပိုင်းက ဒေသခံ ရွာသားပေါင်း ၃၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ ကူးတို့ဆိပ်ကို ရွှေလီမြစ် တဖက်ကမ်းစီရှိ နောင်ခိုနဲ့ နောင်မိုရွာက ရွာသားတွေ ခေတ် အဆက်ဆက် ပြုပြင်ထိန်းသိမ်းပြီး ကူးတို့ခကို အလှည့်ကျ ကောက်ခံလာရာက စည်ပင်သာယာက လေလံခေါ်ယူခဲ့ရာမှာ ငွေများများပေးနိုင်တဲ့ ပြည်သူ့စစ်က လေလံအောင်သွားခဲ့တာပါ။

ခုလို ပြည်သူ့စစ်က လေလံရသွားတဲ့အတွက် ကူးတို့ခကိုလည်း ဈေးမြှင့်ကောက်ခံတော့မှာမို့ ရွာသားတွေ ဆန္ဒပြကြတာလို့ မူဆယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင် ဒေါ်နန်းထွေးမှုံက ဒီဗွီဘီကို ပြောပါတယ်။

“အရင် စည်ပင်သာယာက မကိုင်တွယ်ခင်ကတည်းက ရွာသားတွေက သူတို့ လယ်မြေတွေ ဖျက်ပြီး လမ်းလုပ်ခဲ့တယ်၊ ကူးတို့ဆိပ်လည်း ပြပြင်ပြီး ကူးတို့ခကို အလှည့်ကျကောက်တယ်ပေါ့။ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က လေလံဆွဲတော့ ငွေများများပေးနိုင်တဲ့ မြို့မပြည်သူ့စစ်က ကျပ် ၉၅ သိန်းနဲ့ နိုင်သွားတယ်။ သူတို့က အဲဒီငွေတွေ ပြန်ရအောင် ကူးတို့ခကို တိုးကောက်တော့မှာလေ။ အဲဒီတော့ ရွာသားတွေက သူတို့ နစ်နာတယ်ဆိုပြီး ဆန္ဒပြတာပါ။ ရွာသားတွေက ကျမတို့ပါတီကို တရားဝင် လာမပြောသေးတော့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ပြောလို့မရသေးဘူး။”

ဆန္ဒပြတဲ့ထဲမှာပါဝင်တဲ့ နောင်ခိုရွာသားတဦးဖြစ်သူ စိုင်းလုံကတော့ သူတို့အနေနဲ့ ရပ်မိရပ်ဖ ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် တတ်နိုင်သလောက် စည်ပင်သာယာနဲ့ ညှိနှိုင်းနေကြောင်း၊ သူတို့ ဆန္ဒက သူတို့ ဘိုးစဉ်ဘောင်ဆက်လုပ်လာတဲ့ ကူးတို့ဆိပ်ကို ပြည်သူတွေကပဲ ပိုင်ဆိုင်လိုပြီး ငွေပေး နိုင်သူက လုပ်ပိုင်ခွင့်ရှိတဲ့စနစ်ကို မလိုလားကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဘိုးဘွားလက်ထက်ကတည်းက အဆက်ဆက် လုပ်လာခဲ့တာ၊ အခု စည်ပင်က ကိုင်လိုက်တော့ ပိုက်ဆံပေးနိုင်တဲ့သူက ရတယ်။ ကျနော်တို့က ဒါကို မကျေနပ်လို့ ဆန္ဒပြတာ။ အဲဒီနေ့ က လေလံနိုင်သွားတဲ့ ပြည်သူ့စစ်က သေနတ်တွေနဲ့ ရောက်လာပြီး ကျနော်တို့ကို မြစ်မကူးရဘူးလို့ ပြောသွားတယ်။ စည်ပင်သာယာမှာ သွားပြောတော့ စည်ပင်က လေလံစည်းကမ်းအတိုင်း လုပ်တာလို့ ပြန်ပြောတယ်။ ကျနော်တို့ကတော့ ကိုယ့်ဘိုးဘွား အစဉ်အဆက်အတိုင်း ရွာသားတွေဘဲ ပြန်ကိုင်ချင်တာပေါ့၊ အခု ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စည်ပင်တွေနဲ့ ထပ်ညှိနှိုင်းဖို့ ကြိုးစားနေတယ်။”

အဆိုပါ ကူးတို့ဆိပ်ကို ရွာသားတွေ ထိန်းချုပ်စဉ်က ဖြတ်သန်းခ ကျပ် ၁၀၀ မှ ၂၀၀ ထိသာ ယူ ခဲ့ကြောင်း၊ သာရေး နာရေးကိစ္စ သွားရင် ဖြတ်သန်းခပေးစရာ မလိုကြောင်း၊ လေလံစနစ် ကျင့်သုံးရာမှာတော့ လေလံခပေးထားသူက သူတို့ငွေ ပြန်ရအောင် များများကောက်ခံတော့မှာ ဖြစ်တယ်လို့ နောင်ခိုရွာသား ဦးစိုင်းလုံက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013