
ဥရုဂွေးနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဒက်ကလန်ရိုက်စ် အပါအဝင် ကစားသမား ၈ ယောက်ဟာ အင်္ဂလန် လက်ရွေးစင်စခန်းကနေ ကလပ်သင်းတွေဆီ ပြန်သွားခဲ့ပါတယ်။
ဆာကာ နဲ့ ရိုက်စ် တို့ဟာ ဥရုဂွေးနဲ့ပွဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ ဒဏ်ရာအခြေအနေကို အသေးစိတ် ဆေးစစ်တာတွေ ပြုလုပ်ဖို့အတွက် အသင်းဆီ စောစောစီးစီး ပြန်လွှတ်လိုက်တာပါ။
အာဆင်နယ်တိုက်စစ်မှူး မာဒူအဲကီကတော့ ဥရုဂွေးနဲ့ပွဲ ပထမပိုင်းမှာတင် ဒဏ်ရာရရှိခဲ့လို ထွက်ခွာသွားတာ ဖြစ်သလို၊ ဂျွန်စတုန်းစ်နဲ့ အာဒမ် ဝှာတန်တိုဟာလည်း လေ့ကျင့်ရေးနဲ့ ပွဲကစားနေစဉ်အတွင်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာကြောင့် ဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်၊ တိုမိုရီနဲ့ ကာဗတ်လူရင်တိုကတော့ အကြောင်းပြချက် တိတိကျကျမရှိဘဲ လူစာရင်းကနေ ဖယ်ထုတ်ခံလိုက်ရတာပါ။
နည်းပြ တူချယ်ကတော့ ကမ္ဘာ့ဖလားအတွက် လူစာရင်းကို မေလမှာ အတည်ပြုထုတ်ပြန်မှာဖြစ်ပြီး အခုပွဲတွေကနေ ကစားသမားတွေကို အကဲဖြတ်နေတာ ဖြစ်ပါတယ်။










