
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေး ကားဝင်းထဲမှာ ခရီးသည်တွေနဲ့ အငှားယာဥ်မောင်းတွေကို အုပ်စုဖွဲ့ ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစား ၂ ယောက်ကို ရဲတွေက ဖမ်းဆီးခဲ့ပြီးနောက် ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးနဲ့ ကျန်ရှိနေတဲ့ လူခေါ်ပွဲစားတွေကို ဖမ်းပေးဖို့ ယာဥ်မောင်းတွေနဲ့ ခရီးသည်တွေက တောင်းဆိုနေကြပါတယ်။
စစ်အာဏာရှင် လက်အောက်ခံ ရဲတွေက မေ ၉ ရက် နေ့လယ် ၁ နာရီခွဲက လူခေါ်ပွဲစား တာတီး (ခ) ဇော်လင်းထွန်းနဲ့ ချစ်သား (ခ) စိုးသီဟကို ဖမ်းမိခဲ့ပြီးနောက် ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးနဲ့ ကျန်ရှိနေတဲ့ လူခေါ်ပွဲစားတွေကို ဖမ်းပေးဖို့ တောင်းဆိုကြတာလို့ ကားဝင်းအတွင်း နေထိုင်သူ တယောက်က DVB ကို ပြောပါတယ်။
“အဲ့နေ့က မင်္ဂလာဒုံဆေးတပ်ကိုလာတဲ့ အရာရှိတယောက် ကားငှားတာ၊ အောင်မင်္ဂလာ အဝေးပြေး ကနေ ထောက်ကြန့်ကို ၅၀,၀၀၀ တောင်းလိုက်တယ်။ ကားခ အဆမတန်တောင်းလို့ စစ်တပ်က လူခေါ်ပွဲစား တာတီးနဲ့ ချစ်သားကို ၃ လမ်းဆုံနဲ့ ရခိုင်ကျောင်းမှတ်တိုင်မှာ ဖမ်းတာ၊ သူတို့ဆရာ ဂျပန်ကြီးက လွတ်သွားတယ်။ အခု ဂျပန်ကြီးနဲ့ နောက် လူခေါ်ပွဲစားတွေက ကားဝင်းထဲမှာ လုပ်စားနေတယ်။ သူတို့ ထပ်ဖမ်းပေးဖို့ ယာဥ်မောင်းတွေရော ခရီးသည်တွေပါ တင်ပြထားတယ်။”
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ လူခေါ်ပွဲစား လူမိုက်တွေဟာ ခရီးသည်တွေကို အတင်း အဓမ္မ အုပ်စုဖွဲ့ကာ အငှားယာဥ် အတင်းငှားခိုင်းတာ၊ ခရီးဆောင်အိတ်တွေ သယ်ယူပေးပြီး ငွေကြေး အဆမတန် တောင်းယူတာတွေ လုပ်တယ်လို့ ခရီးသွားပြည်သူတယောက်က DVB ကို ပြောပါတယ်။
“လူခေါ်ပွဲစားတွေက ကားပေါ်ကဆင်းတာနဲ့ လူစုနဲ့ရောက်လာပြီး အိတ်တွေကို အတင်းဆွဲယူတာ။ ခရီးသည်က မသယ်ခိုင်းလည်း အတင်းသယ်တာ။ ပြီးရင် ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ယူသွားရော။ ဖုန်းပျောက်လို့ပြောရင် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်တာ။ ဒီလိုဖြစ်စဥ်တွေက အောင်မင်္ဂလာကားဝင်းမှာရော၊ ဒဂုံဧရာကားဝင်းမှာပါ နေ့စဥ်ဖြစ်နေကျ၊ ဘယ်သူမှ အရေးမယူဘူး။”
ခရီးသည်တွေကို အငှားယာဥ်တွေ အတင်းငှားခိုင်းပြီး အငှားယာဥ်ခကို ယာဥ်မောင်း သတ်မှတ်စျေး ထက် ၃ ဆခန့် လူခေါ်ပွဲစားတွေက မိုက်ကြေးခွဲ တောင်းယူတယ်လို့ ယာဥ်မောင်းတယောက်က DVB ကို ပြောပါတယ်။
“သူတို့က ၃ သောင်းလောက်ကျမဲ့ ခရီးစဥ်ကို ၈ သောင်းလောက်ရအောင် လူကို ရအောင်တင်တာ။ ၈ သောင်းလောက်ရရင် ကားသမားကို ၃ သောင်းပေးပြီး ၅ သောင်းကို သူတို့ယူတာ။ အောင်မင်္ဂလာ အဝေးပြေးထဲဆို သာမန် တက္ကစီ ဝင်လို့မရဘူး။ သူတို့လိုင်းကြေးပေးထားတဲ့ တက္ကစီတွေပဲ ဝင်လို့ ရတာ။ တခါတလေ အပြင်က တက္ကစီယာဥ်မောင်းတွေ အရိုက်ခံရတာ ရှိတယ်။”
အခုလို ပြဿနာတွေဖြစ်လာတာဟာ ယာဥ်လိုင်းတွေက မိမိအစွမ်းအစနဲ့ လူမရှာဘဲ နီးစပ်ရာ ရပ်ကွက်တွေက အလုပ်လက်မဲ့တွေကို လူတယောက် ၁,၀၀၀ နှုန်းနဲ့ ပါဆင်းနစ်ပေးပြီး လူခေါ် ခိုင်းရာက ဖြစ်လာတာလို့ ယာဥ်လိုင်းပိုင်ရှင်တယောက်က DVB ကို ပြောပါတယ်။
“ယာဥ်လိုင်းတွေက ကိုယ့်အစွမ်းအစနဲ့ လူမရှာဘဲ ရပ်ကွက်ထဲက ကလေကချေတွေကို လူ တယောက် ခေါ်ပေးရင် တထောင်ပေးမယ်ဆိုပြီး စလိုက်တဲ့ ပြဿနာကြောင့် အခုလိုဖြစ်တာ။ ကျနော်တို့ ယာဥ်လိုင်းမှာ လူခေါ်ပွဲစားမထားဘူး။”
အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း လူခေါ်ပွဲစားတွေ အင်အားတောင့်လာတဲ့အခါ ဂျပန်ကြီး၊ ချစ်သား၊ တာတီးတို့က ဦးဆောင်ပြီး အငှားယာဥ်နဲ့ ဘေးတွဲဆိုင်ကယ်တွေကို လိုင်းကြေးယူပြီး ကားဝင်းအတွင်း ထင်တိုင်းကျဲနေတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
လူခေါ်ပွဲစား တာတီးနဲ့ ချစ်သားကို ရဲတွေက ဖမ်းဆီးခဲ့ပေမဲ့ ခေါင်းဆောင်ဖြစ်သူ ဂျပန်ကြီးက တပည့်တပန်းတွေဖြစ်တဲ့ ခိုင်မင်း၊ မျိုးအောင်၊ စိုးသူ၊ ကြက်ရိုး၊ ဂန်ဂျား၊ မဲကြီးတို့ကို ဆိုက်ရောက် ဂိတ်၊ ပစောက်ဝန်း၊ အီလိုက်ဝန်း၊ ပုဂံလမ်း၊ မြင်းခြံလမ်း၊ မကွေးလမ်း၊ မုံရွာလမ်း၊ တောင်ကြီး လမ်းမှာ ဆက်လက်လုပ်ကိုင်နေတယ်လို့ ကားဝင်းအတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အောင်မင်္ဂလာ အဝေးပြေးကားဝင်းနဲ့ ဒဂုံဧရာ အဝေးပြေး ကားဝင်းထဲက လူခေါ်ပွဲစားလုပ်ငန်းကို လူမိုက်တွေက စစ်တပ်နဲ့ပူးပေါင်းပြီး လုပ်ဆောင်လာတာ ဖြစ်ပါတယ်။










