DVB Logo
Home
Lead Story
ထရမ့်ပ်နဲ့ ရှီကျင့်ဖျင် ဆက်ဆံရေး အလားအလာထဲက ချောက်ကျနိုင်တဲ့ ထောင်ချောက် ၅ ခု
DVB
·
May 15, 2026
Photo: AI Generated Images
Photo: AI Generated Images
Donate to DVB

ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်ကြီးမှာ မေ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကမ္ဘာ့အနာဂတ်အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းတခု မေးမြန်းခဲ့ပါတယ်။

အဲဒါကတော့ “တရုတ်နဲ့ အမေရိကန်တို့ဟာ Thucydides Trap (သူဆီဒစ်ဒီးစ် ထောင်ချောက်) ကို ကျော်လွှားပြီး နိုင်ငံကြီးတွေကြား ဆက်ဆံရေးပုံစံသစ်တခုကို တည်ဆောက်နိုင်ပါသလား” တဲ့။

သမ္မတ ထရမ့်ပ်က ဘယ်လိုဖြေခဲ့လဲ မသိရပေမဲ့ ဒီမေးခွန်းရဲ့ အဖြေထဲမှာ တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံအတွက်သာမက တကမ္ဘာလုံးအတွက်ပါ အကြီးအကျယ် သက်ရောက်မှုတွေ ရှိနေပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ ကုန်သွယ်ရေး၊ ထိုင်ဝမ်၊ အီရန်နဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြသလို ထိုင်ဝမ်အရေးကို ကိုင်တွယ်မှုမှားယွင်းရင် “တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေ” ဖြစ်လာနိုင်တယ်လို့ ရှီက သတိပေးခဲ့ပါတယ်။

တကယ်တော့ ထိုင်ဝမ်အရေးဟာ အထင်ရှားဆုံးနဲ့ အန္တရာယ်အရှိဆုံး ပေါက်ကွဲနိုင်ခြေရှိတဲ့ အချက်ဖြစ်ပေမဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးရဲ့ ပကတိအန္တရာယ်တွေက ရုတ်တရက်ဖြစ်ပွားမဲ့ စစ်ပွဲအလားအလာထက် ပိုမိုနက်ရှိုင်းပြီး လူတွေ သိပ်သတိမထားမိတဲ့ တခြားကိစ္စတွေ ဖြစ်နေပါတယ်။

ရှီနဲ့ ထရမ့်ပ်တို့ ၂ ယောက်ဟာ သူတို့ရဲ့ အင်အားကြီးနိုင်ငံချင်း အားပြိုင်ပွဲပြဿနာကို ပေကျင်း ထိပ်သီးဆွေးနွေးပွဲမှာ အဖြေရှာကြမဲ့အစား ထိန်းထားနိုင်ဖို့လောက်သာ ကြိုးစားနေကြတယ်လို့ Newsweek အယ်ဒီတာအဖွဲ့က သုံးသပ်ပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးရဲ့ နောက်တဆင့်ကို ပုံဖော်ရာမှာ ဖြစ်လာနိုင်ခြေ အနည်းဆုံးကနေ အများဆုံးဆီ (အဆင့် ၅ ကနေ အဆင့် ၁ ထိ) အစဉ်လိုက် ဖော်ပြထားတဲ့ သူတို့ ရှောင်ရှားရမဲ့ ထောင်ချောက် ၅ ခုကို ဖော်ပြထားပါတယ်။ 

၅။ သူဆီဒစ်ဒီးစ်ထောင်ချောက် (သမိုင်းဝင် စစ်မက်ထောင်ချောက်)

နိုင်ငံရေးသိပ္ပံပညာရှင် ဂရေဟမ်အယ်လစ်ဆင်က စတင်သုံးနှုန်းခဲ့တဲ့ ဒီဝေါဟာရဟာ အင်အားကြီးနိုင်ငံသစ်တခုက လက်ရှိအင်အားကြီးနိုင်ငံရဲ့ နေရာလုဖို့ ခြိမ်းခြောက်လာချိန်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ စစ်မက်ဖြစ်ပွားနိုင်ခြေ အလားအလာကို ဆိုလိုပါတယ်။ ရှေးဟောင်းဂရိသမိုင်းက အေသင်နဲ့ စပါတာတို့ကြားက ပိုလီနီရှန်းစစ်ပွဲကို အခြေခံထားပါတယ်။ အေသင်ကြီးထွားလာမှုနဲ့ စပါတာရဲ့ စိုးရိမ်ထိတ်လန့်မှုကြောင့် စစ်ပွဲဟာ ရှောင်လွှဲမရနိုင်ခဲ့ဘူးလို့ သူဆီဒစ်ဒီးစ်က ဆိုခဲ့ဖူးပါတယ်။

လက်ရှိ ထရမ့်ပ်နဲ့ ရှီ ခေါင်းဆောင် ၂ ယောက်စလုံးကတော့ ၂ ဖက်စလုံးနာမဲ့ စစ်ပွဲထက် အခွန်အတုတ်၊ မြေရှားသတ္တုနဲ့ ချစ်ပ်နည်းပညာ အကျိုးအမြတ်အခြေပြုတဲ့ သံတမန်ရေးကိုသာ ပိုမိုဦးတည်နေကြပါတယ်။ မနှစ်က ကိုရီးယားနိုင်ငံ ဘူဆန်သဘောတူညီချက်မှာ တွေ့မြင်ရတဲ့အတိုင်း မြေရှားသတ္တု၊ ဖန်တာနေးနဲ့ ဆီမီးကွန်ဒတ်တာတွေအပေါ် အပြန်အလှန် အပေးအယူလုပ်ခြင်းအားဖြင့် သက်သေပြနေပါတယ်။

ထိုင်ဝမ်အရေးဟာ ၂ နိုင်ငံအကြား စစ်ရေးအရ အန္တရာယ်ရှိနေတာ တကယ်ပကတိပါ။ ဒီကိစ္စဟာ ၂ နိုင်ငံ ဆက်ဆံရေးမှာ အန္တရာယ်အရှိဆုံး ပဋိပက္ခဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေဆဲပဲဆိုတာကို ရှီရဲ့ သတိပေးချက်မှာ မြင်ရပါတယ်။​

ဒါပေမဲ့ ဒီ ၂ နိုင်ငံလုံးမှာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားတဲ့အချက်နဲ့ ဒေါ်လာ ၅၀၀ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အပြန်အလှန် ချိတ်ဆက်နေတဲ့ ကုန်သွယ်ရေးကွန်ရက်တွေ ရှိနေကြပါတယ်။​ ဒါကြောင့်လည်း ထိုင်ဝမ်အရေးဟာ အန္တရာယ်အရှိဆုံး စစ်ရေးပဋိပက္ခ အချက်အချာ ဖြစ်နေပေမဲ့ လက်တွေ့မှာ ဒီထောင်ချောက်ဟာ ဖြစ်နိုင်ခြေအနည်းဆုံး အဆင့်မှာသာ ရှိနေရတာပါ။ သူဆီဒစ်ဒီးစ် သဘောတရားဟာ သတိပေးချက်တခုအနေနဲ့ အသုံးဝင်ပေမဲ့ ၂ နိုင်ငံကြား ပိုဖြစ်နိုင်ခြေရှိတဲ့ ပြဿနာတွေကို မမြင်ဘဲ အာရုံလွှဲသွားစေနိုင်ပါတယ်။

၄။ ဟော့ဘ်ဆိုနီယမ် ထောင်ချောက် (ပြည်တွင်းရေးထက် ပြည်ပရန်သူရှာခြင်း)

၁၉၀၂ ခုနှစ်က ဂျေအေဟော့ဘ်ဆင် တင်ပြခဲ့တဲ့ ဒီသီအိုရီအရ ခေါင်းဆောင်တွေဟာ သူတို့ ပြည်တွင်းစီးပွားရေး အကျပ်အတည်းတွေကို အာရုံပြောင်းဖို့ လူထုထောက်ခံမှုရဖို့ ပြည်ပကို လက်ညှိုးထိုး ရန်လိုတဲ့ မူဝါဒတွေ နယ်ပယ်ချဲ့ထွင်ရေးတွေ၊ ကုန်သွယ်စစ်ပွဲတွေကို အသုံးချတတ်ကြပါတယ်။

လက်ရှိ တရုတ်နိုင်ငံဟာ အိမ်ခြံမြေစျေးကွက် ကျဆင်းမှုနဲ့ စားသုံးသူ ယုံကြည်မှု အားနည်းတာကို ရင်ဆိုင်နေရလို့ ကိုယ့်အားကိုယ်ကိုးရေး ပြည်ပပို့ကုန်တင်ပို့ရေးတွေ အားစိုက်နေသလိုမျိုး အမေရိကန်မှာလည်း အလုပ်သမားလူတန်းစားရဲ့ မကျေနပ်မှုကို ဖြေလျော့ဖို့ ထရမ့်ပ်က စည်းကြပ်ခွန်တွေကို အမျိုးသားရေး အင်အားပြ ကိရိယာလိုမျိုး သုံးပါတယ်။

ဒီထောင်ချောက်မှာ ပြည်ပကို အလျှော့ပေးတာဟာ အားနည်းချက်လိုမျိုး ပြည်တွင်းမှာ ပြည်သူလူထုက မြင်လာတတ်ပါတယ်။​ ဒီအခြေအနေကြောင့် ၂ ဖက်စလုံးကို အပြန်အလှန် လက်တုံ့ပြန်တဲ့ ကုန်သွယ်စစ်ပွဲတွေဆီကို တွန်းပို့နေပါတယ်။ နိုင်ငံခေါင်းဆောင်တွေကလည်း ပြည်ပရန်အပေါ် တင်းမာပြတာကနေ နိုင်ငံရေးအမြတ်ထုတ်နိုင်ပေမဲ့ စီးပွားရေး လုံးဝမထိခိုက်ရအောင်လည်း ပြန်ညှိရတာကြောင့် ဒီထောင်ချောက်ရဲ့ အန္တရာယ်ကို အမြင့်ဆုံးထဲမှာ မထည့်ထားပါဘူး။​

၃။ ဂျက်ဗန်စ် ထောင်ချောက် (နည်းပညာ အပြိုင်အဆိုင် ထောင်ချောက်)

ဘောဂဗေဒပညာရှင် ဝီလျံစတန်လေဂျက်ဗန်စ်ရဲ့ အယူအဆအရ လုံခြုံရေး အကန့်အသတ် အတားအဆီးတွေကို တိုးမြှင့်လိုက်တာက ဒီအရင်းအမြစ်ကို ပိုမိုပြင်းထန်စွာ လိုလားတောင့်တလာစေတဲ့ ဆန့်ကျင်ဘက်ရလဒ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။

ပထဝီနိုင်ငံရေးအရ အမေရိကန်ရဲ့ တပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှု ထိန်းချုပ်ကန့်သတ်ချက်တွေဟာ တရုတ်နိုင်ငံရဲ့ နည်းပညာဖြစ်ထွန်းမှုကို တကယ်တမ်း တားဆီးကန့်သတ်နိုင်မဲ့အစား တရုတ်နိုင်ငံရဲ့ ကာလရှည် ရည်မှန်းချက်ဖြစ်တဲ့ နည်းပညာမှာ ကိုယ့်အားကိုယ်ကိုးရေးမူကို ပိုမိုမြန်ဆန်လာအောင် တွန်းအားပေးသလို ဖြစ်နေပါတယ်။ CSIS ရဲ့ လေ့လာချက်အရ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် တရုတ်အစိုးရအတွက် နည်းပညာဆိုင်ရာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟာ နိုင်ငံတော်လုံခြုံရေး အဓိကမူဝါဒအဖြစ် သတ်မှတ်ပြီး အရှိန်အဟုန်မြှင့် ငွေအားပိုသုံးပြီး လုပ်ဆောင်လာစေပါတယ်။ ဒီထောင်ချောက်ကတော့ ထရမ့်ပ်အတွက် အလယ်အလတ်အန္တရာယ် အဆင့်ထက် ပိုပါတယ်။

၂။ တာဆစ်တပ်စ် ထောင်ချောက်  (ယုံကြည်မှု ပျက်ပြားခြင်း ထောင်ချောက်)

ရောမသမိုင်းပညာရှင် တာဆစ်တပ်စ်ရဲ့ အဆိုအရ “အုပ်ချုပ်သူတဦးဟာ လူထုယုံကြည်မှု ကင်းမဲ့သွားရင် သူ့ရဲ့လုပ်ရပ်ဟာ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် အဆိုးမြင်ခံရတယ်” လို့ ဆိုပါတယ်။ လက်ရှိ အမေရိကန်နဲ့ တရုတ်ကြားမှာ ဒီ “နှစ်ဖက်ယုံကြည်မှု ကင်းမဲ့ခြင်း” ဟာ အလွန်မြင့်မားနေပါတယ်။

၂၀၂၅ ခုနှစ် Pew လေ့လာချက်အရ အမေရိကန်လူမျိုး ၇၇ ရာခိုင်နှုန်းဟာ တရုတ်အပေါ် အဆိုးမြင်ကြပါတယ်။ ဒီယုံကြည်မှု ကင်းမဲ့ခြင်းကြောင့် ခေါင်းဆောင် ၂ ယောက်ကြား ဘယ်လောက်ပဲ ကောင်းမွန်တဲ့ သဘောတူညီချက်တွေ ရရှိစေကာမူ တဖက်ရဲ့လုပ်ရပ်ကို သံသယနဲ့သာ ရှုမြင်ကြပါတယ်။ ဥပမာ - ရှီက မြေရှားသတ္တု ထောက်ပံ့မှုတွေကို တည်ငြိမ်အောင် လုပ်ပေးမယ် ဆိုရင်တောင် ဝါရှင်တန်က သဘောထားတင်းမာသူ သိမ်းငှက်အုပ်စုတွေက ဒါဟာ ပူးပေါင်းဆောင်ရွက်မှုလို ဟန်ဆောင်ထားတဲ့ အကျပ်ကိုင်မှုလိုမျိုး မြင်နိုင်ပါတယ်။ ထရမ့်ပ်က အခွန်အခတွေကို ခဏရပ်ဆိုင်းလိုက်မယ် ဆိုရင်လည်း တရုတ်သဘောထားတင်းမာသူတွေက ဒီရပ်ဆိုင်းမှုဟာ သူတို့ဘက်က ဖိအားပေးမှု အောင်မြင်တယ်ဆိုတဲ့ သက်သေအဖြစ် ယူဆနိုင်ပါတယ်။

ဒီလို သံသယ သံသရာကြောင့် ရေရှည်သဘောတူညီချက်တွေရဖို့ ခက်ခဲပြီး နှစ်ဖက်ခေါင်းဆောင်တွေဟာ အဆုံးမရှိတဲ့ သံသယ သံသရာထဲမှာ ပိတ်မိနေစေနိုင်ပါတယ်။ သံသယကြီးမားနေကြတာအတွက် ရေတိုနိုင်ငံရေးအကျိုးအမြတ်လို့ ထင်မြင်ရပေမဲ့ ယုံကြည်မှုတည်ဆောက်ရတဲ့ အကျိုးကျေးဇူးမြင်ရဖို့ဆိုတာက ကြာပါတယ်။​ ခက်ပါတယ်။ နှစ်ပေါင်းများစွာ သည်းခံလိုက်နာယူရတာမျိုးပါ။​ ဒီလို အပြန်အလှန် သံသယထောင်ချောက်က တရုတ်-အမေရိကန် ၂ နိုင်ငံကြားမှာ အလွန်ဖြစ်နိုင်ခြေများပါတယ်။

ခေါင်းဆောင် ၂ ယောက်စလုံးက ထိပ်သီးဆွေးနွေးပွဲတခုကနေ နွေးထွေးတဲ့ ဟန်ပန်အမူအယာတွေ ကင်မရာထဲမှာ ပုံဖော်နေကြပေမဲ့ အထိမခံ ရွှေပန်းကန်လို ဖြစ်နေတာကို တက်စီတပ်စ် ထောင်ချောက်က ရှင်းပြနေပါတယ်။

၁။ ကင်ဒယ်ဘာဂါ ထောင်ချောက် (ကမ္ဘာ့ခေါင်းဆောင် ကင်းမဲ့ခြင်း ထောင်ချောက်)

ဒါဟာ Newsweek ရဲ့ ဆန်းစစ်ချက်အရ “အရေးအကြီးဆုံးနဲ့ အန္တရာယ်အရှိဆုံး” ဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကို ပုံဖော်မဲ့ အဓိကအချက် ဖြစ်ပါတယ်။ ဒီထောင်ချောက်ဟာ အင်အားကြီးနိုင်ငံသစ်က ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုတွေကို မထမ်းဆောင်လိုတဲ့အခါ ဒါမှမဟုတ် လက်ရှိအင်အားကြီးနိုင်ငံက အဲဒီဝန်ထုပ်ဝန်ပိုးကို မထမ်းပိုးချင်တော့တဲ့အခါမှာ ဖြစ်ပေါ်လာပါတယ်။

ထရမ့်ပ်ရဲ့ “အမေရိကပထမ” မူဝါဒနဲ့ ရှီရဲ့ ပြည်တွင်းစီးပွားရေးအဓိက အာရုံစိုက်မှုကြောင့် ကမ္ဘာကြီးမှာ ခေါင်းဆောင်မှုလေဟာနယ် ဖြစ်ပေါ်လာပါတယ်။ ၂၀၂၅ ခုနှစ် ဘူဆန်သဘောတူညီချက်ဟာ တရုတ်-အမေရိကန် အကျိုးအမြတ်အတွက်သာ အပေးအယူလုပ်တာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးကို ဦးတည်တာ မဟုတ်ပါဘူး။ ဒီလိုနဲ့ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေ၊ AI ဆိုင်ရာ စံနှုန်းတွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဘဏ္ဍာရေး ထောက်ပံ့မှုတွေလိုမျိုး ကိစ္စရပ်တွေမှာ ဘယ်သူကမှ ဦးဆောင်တာဝန်မယူလိုဘဲ ကမ္ဘာကြီးကို ပိုမိုမတည်ငြိမ်အောင် တွန်းပို့နေပါတယ်။

တစတစနဲ့ ပျက်စီးယိုယွင်းလာခြင်း

ပေကျင်း ထိပ်သီးဆွေးနွေးပွဲမှာ ရှီက အကျော်ကြားဆုံး ထောင်ချောက်တခုရဲ့ နာမည်ကို ထုတ်ပြောခဲ့ပေမဲ့ သိပ်မထင်ရှားလှတဲ့ တခြား ထောင်ချောက်တွေထဲမှာ ရှီရော ထရမ့်ပ်ပါ ရောက်နေပြီးသား ဖြစ်ပါတယ်။ Newsweek အယ်ဒီတာအဖွဲ့ရဲ့ သုံးသပ်ချက်အရ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အတွက် အကြီးမားဆုံး အန္တရာယ်ကတော့ ရုတ်တရက် ဖြစ်ပွားမဲ့ စစ်ပွဲကြီးထက် "စနစ်တခုလုံး တဖြည်းဖြည်း ချို့ယွင်းပျက်စီးလာခြင်း" ပဲ ဖြစ်ပါတယ်။

အပြန်အလှန်ယုံကြည်မှု ပျက်ပြားခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှု ကင်းမဲ့ခြင်းတို့ဟာ ရှေးဟောင်းဂရိသမိုင်းကလို ထိပ်တိုက်စစ်ပွဲထက် ပိုမိုစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အပြန်အလှန် သံသယတွေ ပြည်တွင်းဖိအားတွေ နည်းပညာပြိုင်ပွဲတွေရှိနေတဲ့ ကြားထဲမှာကိုပဲ လက်တွေ့ကျကျ သဘောတူညီချက် အသေးလေးတွေ စလုပ်နိုင်မလား ဆိုတာက အနာဂတ်ကို သတ်မှတ်ပါလိမ့်မယ်။​ ထရမ့်ပ်နဲ့ ရှီတို့ နှစ်ယောက်သား ထိန်းထိန်းသိမ်းသိမ်း သံတမန်စကားလုံးတွေ ရွတ်ပြနေကြတာထက် ပိုသက်ရောက်မှု ရှိပါလိမ့်မယ်။

တကယ်လို့ သူတို့နှစ်ယောက် ဒါတွေကို မကျော်လွှားနိုင်ကြဘူးဆိုရင် တကယ်တမ်း မိုးပြိုကျသလို ကပ်ဆိုက်တာမဟုတ်ဘဲနဲ့ တတိတိ တရိရိနဲ့ တိုက်စားပြိုလဲလာပါလိမ့်မယ်။​ ဒါကြောင့်မို့လို့ ရှေးဟောင်း ဂရိထောင်ချောက် သူ့ဆီဒိုက်ဒီးစ်ထက် ကင်ဒယ်ဘာဂါထောင်ချောက်  တနည်းပြောရရင် ထိပ်တိုက်စစ်ပွဲကြီး ဖြစ်လာနိုင်တာထက် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေက ဖယိုဖရဲဖြစ်လာ ယိုယွင်းပျက်စီးလာတာတွေကို ဝါရှင်တန်အနေနဲ့ ပိုပြီး စိုးရိမ်သင့်တဲ့အကြောင်း သုံးသပ်ထားပါတယ်။​

Ref: Newsweek “5 Traps for Trump and Xi”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013