
၁၈၈၄ ခုနှစ်မှာ မှတ်တမ်းတွေ စတည်းက ခုထိ ဗြိတိန်ဟာ အပူဆုံးနွေရာသီကို ကြုံတွေ့ခဲ့ရတယ်လို့ စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မိုးလေဝသရုံးက ယာယီစာရင်းဇယားတွေက ဆိုပါတယ်။
လူကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် အစွန်းရောက် ရာသီဥတုဖြစ်နိုင်ခြေ အများကြီး တိုးလာတာပါ။
၁၈၈၄ ခုနှစ်ကစတဲ့ စာရင်းတွေအရ ဗြိတိန်ဟာ နွေရာသီတွင် စံချိန်တင်ပူနွေးမှုကို ကြုံခဲ့ရတယ်လို့ မိုးလေဝသ အေဂျင်စီက ပြောပါတယ်။
၂၀၀၃ ခုနှစ်ကစပြီး နိုင်ငံရဲ့ အပူဆုံးနွေရာသီ ၅ ကြိမ်စလုံးကို မှတ်တမ်းတင်ထားပါတယ်။ ပျမ်းမျှ အပူချိန် ၁၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကြောင့် အခုနွေရာသီဟာ ၂ နှစ်ဆက်တိုက် အပူဆုံး ဖြစ်လာတယ်လို့ မိုးလေဝသရုံးက ပြောပါတယ်။
ဒီသတင်းက အံ့သြစရာမဟုတ်ဘဲ ပိုကျယ်ပြန့်တဲ့ ပုံစံ၊ ပိုပူတဲ့ နွေရာသီတွေ၊ အပူချိန်မြင့်မားမှုနဲ့ အန္တရာယ်မြင့်တဲ့ နွေရာသီတွေဆီသွားတဲ့ ရေရှည်လမ်းကြောင်းတခုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ လန်ဒန်အင်ပီးရီးယဲကောလိပ်က အစွန်းရောက်ရာသီဥတုဆိုင်ရာ သုတေသနလက်ထောက် ကလဲရာ ဘန်းနက်စ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ဗြိတိန်နိုင်ငံဟာ အခုနှစ်မှာ အပူလှိုင်း ၅ ကြိမ် ကို မှတ်တမ်းတင်ခဲ့ပြီး မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ ဒေသတွေမှာ နေထိုင်သူ ၄၅ သန်းလောက်ရှိပြီး ရေအသုံးပြုမှု ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရသူ ၂၇ သန်းခန့်ရှိခဲ့ပါတယ်။
Source:Reuters











