
ရန်ကုန်မှာရှိတဲ့ တံတားကြီး ၉ စင်းကို ၂၀၁၇ ဧပြီ ၁ရက်က စပြီး တံတားဖြတ်သန်းခတွေ ကောက်ခံခြင်းမပြုတော့ဘဲ မော်တော်ယာဉ်တွေအားလုံးကို အခမဲ့ဖြတ်သန်းခွင့်ပြုမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
အခမဲ့ဖြတ်သန်းခွင့်ပေးမယ့် တံတားတွေထဲမှာ ရန်ကုန်သန်လျင်တံတား အမှတ် (၁)၊ ရန်ကုန်-သန်လျင်တံတား (အမှတ် ၂)(ကုလားဝဲတံတား)၊ ဘုရင့်နောင်တံတား အမှတ်(၁)၊ ဘုရင့်နောင်တံတား အမှတ် (၂)၊ အောင်ဇေယျကြိုးတံတား၊ ရွှေပြည်သာတံတား၊ ပန်းလှိုင်တံတား၊ တွံတေးတံတားနဲ့ မဟာဗန္ဓုလတံတားတွေပါဝင်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ရန်ကုန်တိုင်းရှိ မြို့ပြနဲ့ တဆက်တစပ်တည်းရှိနေတဲ့ အဆိုပါတံတားတွေကို အများပြည်သူ အသုံးပြုသွားလာရာမှာ လွယ်ကူအဆင်စွာသွားလာနိုင်ဖို့၊ အချိန်ကုန်သက်သာစေဖို့နဲ့ သယ်ယူပို့ဆောင်ခတွေ ကျဆင်းစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုပါတယ်။
ဒါပေမယ့် တံတားကြီးတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့နဲ့ အန္တရာယ်ကင်းဖို့အတွက် တံတားပေါ်မှာ သတ်မှတ်ခွင့်ပြုယာဉ်နဲ့ အလေးချိန်အတိုင်းသာ ဖြတ်သန်းသွားလာ ခွင့်ပြုမယ်လို့ဆိုပါတယ်။
ရန်ကုန်-သန်လျင်တံတားအမှတ် (၁)ဟာ အစွန်းထွက်ယက်မပေါ်မှာ ကားလမ်းတည် ဆောက်ထားတာဖြစ်လို့ တံတားပေါ်ကို ကုန်တင်ကားတွေဖြတ်သန်းခွင့်ပြုမှာမဟုတ်ဘဲ ခရီးသည်တင်ကား၊ မှန်လုံကားတွေနဲ့ ယာဉ်ငယ်တွေကိုသာ ဖြတ်သန်းခွင့်ပေးမယ်၊ ကုန်တင်ကား တွေကတော့ ရန်ကုန်-သန်လျင်တံတား အမှတ် (၂)ကနေ အခဲ့ဖြတ်သန်းခွင့်ရမှာဖြစ်ပါတယ်။
အဆိုပါတံတားတွေဟာ ရန်ကုန်မြို့ကိုဝင်ထွက်သွားလာတဲ့ အဓိက တံတားကြီးတွေဖြစ်ပြီး လှိုင်သာယာမြို့နယ်မှာရှိတဲ့ ဘုရင့်နောင်တံတား၊ အောင်ဇေယျတံတား၊ ရွှေပြည်သာတံတားနဲ့ ပန်းလှိုင် မြစ်ကူးတံတား ၄ခု တနေ့ကို ခန့်မှန်းချေ ကားအစီးပေါင်း ၇၆၀၀၀ ကျော် ဖြန်သန်းသွားလာနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင် ဒေါ်သန်းမြင့်အောင်ရဲ့ စာတမ်းမှာဖော်ပြပါတယ်။










