DVB Logo
Home
မြန်မာသတင်း
မိုးဗြဲအနောက်ခြမ်းက စစ်ရှောင်စခန်းတွင် ဖျားနာသူများပြီး အကူအညီလိုအပ်နေ
DVB
·
May 23, 2026
Photo : DVB
Photo : DVB
Donate to DVB

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအနောက်ဘက်ခြမ်းက စေးတုံစစ်ဘေးရှောင်စခန်းမှာ မေလ ဒုတိယ ပတ်ကစပြီး ဒီနေ့အထိ စစ်ဘေးရှောင်ပြည်သူတွေ ဖျားနာသူများလာလို့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ ဒီလအတွင်း ဖျားနာသူများနေပြီး ဆေးဝါးရှားပါးတာကြောင့် တချို့ဟာ မိရိုး ဖလာနည်းဖြစ်တဲ့ ကျောက်မီးဖုတ်နည်းနဲ့ပဲ ကုသနေရတယ်လို့ သိရပါတယ်။

စစ်ရှောင် အမျိုးသားတယောက်က “ဆေးပေးခန်းလေးလိုချင်တာပေါ့။ ဆေးဝယ်ဖို့လည်း မတတ် နိုင်ကြဘူး။ တအိမ်က ဝယ်ထားတဲ့ဆေးကို တခြားအိမ်တွေက မျှသောက်ရတာမျိုးရှိတယ်။ မပျောက်လည်း ဒီတိုင်းပဲနေကြရတယ်” လို့ ပြောပါတယ်။

ဆေးဝါးရဖို့ခက်တာကြောင့် စစ်ရှောင်တွေဟာ ကျောက်ကိုမီးဖုတ်ပြီး ခြေနဲ့နင်းတဲ့ ရိုးရာ ဆေးမြီးတိုနဲ့ ကုသကြတယ်လို့လည်း စစ်ရှောင်တယောက်က ပြောပါတယ်။

မေ ၁၇ ရက်နေ့က ပီကင်းဒေသမှာ အလုပ်သွားလုပ်နေတဲ့ စေးတုံစစ်ရှောင် အသက် ၄၀ အရွယ် အမျိုးသား တယောက်ဟာ နေမကောင်းဖြစ်ပြီး စခန်းကိုပြန်လာရာကနေ ချောင်းဆိုးသွေးအန်ပြီး ဆေးရုံပို့တုန်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ရှောင်တွေဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

လက်ရှိ စေးတုံစစ်ရှောင်စခန်းမှာ အသက် ၁၀ နှစ်အောက်ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် သွေးတိုး၊ ဆီးချိုရောဂါရှိသူတွေနဲ့ ဖျားနာနေသူ လူဦးရေ ၁၀၀ ကျော်ရှိနေပြီး ဆေးကုသ စရိတ်နဲ့ ဆေးဝါးအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

စေးတုံစစ်ဘေးရှောင်စခန်းမှာ လိဝိုး၊ လွယ်ယင်း၊ လွယ်စတုန်း၊ ဖလိုင်၊ ကျွန်းတော စတဲ့ ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂,၈၀၀ ကျော် ခိုလှုံနေကြပြီး ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲ တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်ကလည်း မိုးဗြဲအနောက်ခြမ်းက စစ်ရှောင်တခုမှာ နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူနေတုန်း စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင် ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့သေးတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

လက်ရှိမှာ မိုးဗြဲနဲ့ အနီးဝန်းကျင်ဒေသတွေမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013