
ပြင်သစ်နိုင်ငံတောင်ပိုင်း ကာနက်အွန် ရူဆီယွန်မြို့နားက ဆိပ်ကမ်းတခုအနီးမှာ ဇူလိုင် ၂ ရက်က တောမီးလောင်ခဲ့တာကြောင့် ဆိုက်ကပ်ထားတဲ့ လှေတွေ မီးလောင်ပျက်စီးသွားပါတယ်။
မီးလောင်မှုကနေ မီးခိုးလုံး မည်းမည်းတွေလည်း ထွက်လာခဲ့တဲ့အတွက် ဆိပ်ကမ်းပတ်ဝန်းကျင်က စခန်းချနေရာတွေမှာ တည်းခိုနေတဲ့ လူပေါင်း ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ပါပစ်ညံမြို့အနီး ဧရိယာမှာ မွန်းလွဲ ၂ နာရီလောက်က စတင်လောင်ကျွမ်းခဲ့တဲ့ မီးကို ငြှိမ်းသတ်ဖို့ မီးသတ်သမား ၂၀၀ ကျော်ကို စေလွှတ်ခဲ့ရပါတယ်။
ဥရောပမှာ အပူလှိုင်းဒဏ်ကြောင့် ခြောက်သွေ့နေတဲ့အချိန် လေပြင်းတွေလည်း တိုက်ခတ်နေတာကြောင့် မီးသတ်သမားတွေဟာ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးအများအပြားကို အပြင်းအထန် ငြှိမ်းသတ်ခဲ့ရပါတယ်။
မြေထဲပင်လယ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာဆေးလ်မြို့ရဲ့ အနောက်ဘက်အစွန်းမှာလည်း လောင်ကျွမ်းခဲ့တဲ့ တောမီး ၂ ခု အပါအဝင် စုစုပေါင်း မီးလောင်မှု ၃ ခုကြောင့် မြေဟက်တာ ၁,၂၁၀ (ဧက ၂,၉၉၀ ခန့်) မီးလောင်ကျွမ်းခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး လိုရန် နူးညက်ဇ်က ပြောပါတယ်။
ဝန်ကြီးချုပ် ဆီဘက်စတီယန် လယ်ကော်ညူး ကလည်း ပြင်သစ်နိုင်ငံမှာ ဒီရာသီအတွင်း အခုအချိန်အထိ မြေဟက်တာ ၈,၇၀၀ မီးလောင်ခဲ့ပြီးပြီလို့ ပြောပါတယ်။
အဲဒီအထဲက ဟက်တာ ၁,၂၀၀ ကတော့ ဇူလိုင် ၁ ရက် တရက်တည်းမှာတင် လောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မီးသတ်သမား စုစုပေါင်း ၂,၀၀၀ ကို စေလွှတ်ငြှိမ်းသတ်ခိုင်းထားရတယ်လို့ ဆိုပါတယ်။
Source: Reuters










