DVB Logo
Home
မြန်မာသတင်း
မိုးကောင်းတွင် အိမ်မိုးရန် သက်ကယ်ခုတ်သွားရာမှ အမျိုးသမီး ၁ ဦး မိုင်းထိသေဆုံး
DVB
·
February 17, 2017
မိုးကောင်းတွင် အိမ်မိုးရန် သက်ကယ်ခုတ်သွားရာမှ အမျိုးသမီး ၁ ဦး မိုင်းထိသေဆုံး
Donate to DVB

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လွဲလောကျေးရွာအုပ်စု၊ လွဲစွန်းကျေးရွာမှာ နေထိုင်သူ အမျိုးသမီးတဦး အိမ်မိုးဖို့ သက်ကယ်ခုတ်သွားစဉ် မိုင်းတလုံးနင်းမိပြီး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ လွဲလောကျေးရွာအုပ်စု၊ လွဲစွန်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် မစိုးစိုးအေးဟာ ဖခင်ဖြစ်သူ ဦးအောင်အောင်၊ အစ်မဖြစ်သူ မစိုးစိုးအောင်တို့နဲ့အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ မနက် ၁၀ နာရီခွဲအချိန်က လွဲလောကျေးရွာအရှေ့ဘက် လွဲစွန်းတောင်ကြော၊ နိမ်မိတဘုရားတောင်အနီးကို အိမ်မိုးရန် သက်ကယ်ခုတ်သွားချိန်မှာ တိုက်မိုင်းတိုက်မိပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

မိုင်းထိသေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ဖခင်ဖြစ်သူက မိုင်းပေါက်ကွဲသံကြောင့် သမီးဖြစ်သူ မစိုးစိုးအောင်က တောင်ကြောအောက်ကို အရင်ဆင်းပြေးသွားကြောင်း၊ သူ ရောက်ရှိချိန်မှာတော့ သမီးငယ် လူးလှိမ့်နေတာကို တွေ့ရှိပြီး သွားရောက်ထူပွေ့ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ မိုင်းထိဒဏ်ရာကြောင့် သေဆုံးသူရဲ့ ဆီးစပ်၊ ဝမ်းဗိုက် မိုင်းစထိမှန်၊ ဝဲ ယာ ပေါင်မှ ခြေသလုံးတို့မှာ မိုင်းစထိမှန်ဒဏ်ရာ၊ ယာဘက်ခြေချင်းဝတ် ထက်ပိုင်းကျိုးဒဏ်ရာများ ရရှိခဲ့ပါတယ်။

သေဆုံးသူကို လောကတ္ထစရိယ လူမှုကူညီရေးအသင်း(မိုးကောင်း) ဥက္ကဋ္ဌ ဦးကျော်လွင်စိုးမှ အခင်းဖြစ်တဲ့နေရာအထိ သွားရောက်ယူဆောင်ကာ မိုးကောင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

မိုးကောင်းမြို့မရဲစခန်းမှ သေမှုသေခင်းဆိုင်ရာ ရဲဆေးစာရေးပြီး မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာချောစုစုစောမှ ဆေးစစ်ချက်တွေ ရယူခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတောင်ကြောမှာ နင်းမိုင်း၊ တိုက်မိုင်းများ ထိမိပြီး ယခုရက်ပိုင်းအတွင်း သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ပေါင်း ၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013