DVB Logo
Home
မြန်မာသတင်း
မူးယစ်တရားခံပြေးကို ပစ်ခတ်ဖမ်းဆီးစဉ် ရဲကားကိုတိုက်ပြီး ထွက်ပြေး
DVB
·
February 17, 2017
မူးယစ်တရားခံပြေးကို ပစ်ခတ်ဖမ်းဆီးစဉ် ရဲကားကိုတိုက်ပြီး ထွက်ပြေး
1 / 4
Donate to DVB

 

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမှာ  မူးယစ်ဆေးဝါးမှု၊ လုယက်မှုတွေနဲ့ အလိုရှိတဲ့ တရားခံပြေး နဂါးလေး ခေါ် အောင်နိုင်မြင့်ကို ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးစဉ် ထွက်ပြေးလို့ သေနတ်နဲ့ ပစ်ခတ် ခဲ့ရတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မနေ့ညနေက ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းနဲ့ လမ်းမတော်မြို့မ ရဲစခန်းတို့က မူးယစ်ဆေးဝါးမှု၊ လုယက်မှုတွေနဲ့ အလိုရှိနေတဲ့ တရားခံပြေး နဂါးလေးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ဝင်တွေဟာ ဒဂုံမြို့သစ်တောင်ပိုင်း ၂၀ ရပ်ကွက် လှော်ကားလမ်းနဲ့ ဥဿဘုရားလမ်းဆုံအနီးရှိ ကားဝပ်ရှော့တခုကို ခဲရောင်အမျိုးအစား မော်တော်ယာဉ်နဲ့ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ် တရားခံပြေးဖြစ်သူမှ ရဲတပ်ဖွဲ့ကားတွေကို ကားနဲ့ တိုက်ပြီး ထွက်ပြေး သွားခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ နဂါးလေးကားကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ပေမယ့်လည်း  ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဖမ်းဆီးရမိရေး လိုက်လံဆောင်ရွက်ခဲ့ရာ  ည ၉ နာရီ ၂၅ မိနစ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  ကျည်စုအနောက်ကွင်း၊ လယ်ကွင်း အလယ်မြေသားလမ်းပေါ်မှာ  နဂါးလေးမောင်နှင်သွားတဲ့ ကားကို ကားစက်နှိုးအနေအထားနဲ့ ကားမီး တွေကို ဖွင့်ထားပြီး ဟွန်းသံဖွင့်ရပ်တန့်ထားတာကို တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နဂါးလေးမောင်းနှင်ခဲ့တဲ့ကားကို စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်မောင်းဘေး ရှေ့တံခါးယာဘက် လိုင်နာစပ်မှာ  ကျည်ဆန်ရာ ၁ ချက်၊ ရှေ့တံခါးအလယ်မှာ ကျည်ဆန်ရာ ၁ ချက်၊ ကားနောက် ခန်း ယာဘက်တံခါးဘောင်မှာ ကျည်ဆန်ရာ ၁ ချက်၊ ကားနောက်မှန်မှာ  ကျည်ဆန်ရာ ၁ ချက်တို့ တွေ့ရှိရပြီး ရှေ့ယာဘီးတာရာကြေ၊ ရှေ့လေအိပ် ၂ လုံးပွင့်၊ ယာဘက်ရှေ့/နောက်ဘေးမှန်ကွဲ၊ ကားဝဲဘက်နောက် ဘေးမှန်ကွဲ၊ ၀ဲဘက်ခြမ်း ဘောနက်ပွန်းနဲ့ ၀ဲဘက်နောက်ကြည့်မှန်မရှိ၊ ကားနောက်ခန်းထိုင်ခုံပေါ်မှ LINKIN PARK စာတမ်းပါ အနက်ရောင်ခေါင်းစွပ်အနွေးထည်အင်္ကျီ ၁ ထည်၊ macoc bennl  စာတမ်းပါအနက်ရောင် ရှပ်အင်င်္ကျီလက်ရှည် ၁ ထည်နဲ့ ယာဉ်မောင်းထိုင်ခုံ အောက်ကြမ်းခင်ပေါ်မှ ညှပ်ဖိနပ် ၁ ရံတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

တရားခံပြေးဖြစ်သူ နဂါးလေး (ခ) အောင်နိုင်မြင့်မှာ လွတ်မြောက်နေဆဲဖြစ်တဲ့အတွက် အမြန်ဆုံးဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တရားခံနဂါးလေးကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၃/၂၀၁၆၊ မူယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅၊ ၁၉ အပိုဒ်ခွဲ က အရ၊ ပုဒ်မ ၂၁ အရ ကျင့် ၅၁၂ တို့အပြင် လမ်းမတော်မြို့မရဲစခန်းက ပြစ်မှုဆိုင်ရာ ပုဒ်မ ၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆၊ ၃၂၃၊ ၁၁၄၊ ကျင့် ၅၁၂ အရ အမှုတွေနဲ့ အလိုရှိနေတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013