DVB Logo
Home
မြန်မာသတင်း
တရားမဝင်မြန်မာများ တင်လာသည့်ကား ရဲကားကိုဝင်တိုက်၊ ထိုင်းရဲ ၁ ဦးသေဆုံး 
DVB
·
December 18, 2024
တရားမဝင်မြန်မာများ တင်လာသည့်ကား ရဲကားကိုဝင်တိုက်၊ ထိုင်းရဲ ၁ ဦးသေဆုံး 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ ဒီဇင်ဘာ ၁၇ ရက် ညက တရားမဝင် မြန်မာအလုပ်သမားတွေ တင်ဆောင်လာတဲ့ကား တစီး စစ်ဆေးရေးဂိတ်ကို ရှောင်တိမ်းပြီး အနီးက ရဲကားကို ဝင်တိုက်မိတဲ့အတွက် ထိုင်းရဲတယောက်သေဆုံး၊ တယောက် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲကို တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထား တဲ့အတွက် ကမ်ဖိုင်ဖစ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေဟာ မနေ့ညက ကမ်ဖိုင်ဖစ်မြို့နား ပေါ်ခမ်းရပ်ကွက် အမှတ် ၁၁၁၆ လမ်းမကြီးပေါ်မှာ စစ်ဆေး‌ရေးဂိတ်ချပြီး ယာဉ်အသွားအ လာတွေ စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။ 

ည ၁၁ နာရီ ခွဲလောက်မှာ ဖို့ဒ် ဟိုင်းလပ်စ်ကားတစီးက အရင်ဖြတ်မောင်းသွားတယ်၊ ၅ မိနစ် လောက်အကြာမှာ နစ်ဆန်ဟိုင်းလပ်စ်ကားတစီးနဲ့ ကားနောက်ခန်းမှာ အခန်းဖွဲ့ပြီး ခေါင်မိုး တပ်ထားတဲ့ ဟိုင်းလပ်စ်တစီး စုစုပေါင်း ၂ စီး ရှေ့ဆင့်နောက်ဆင့် မောင်းဝင်လာတယ်၊ စစ်ဆေးရေးဂိတ်ရောက်တော့ ရပ်မပေးဘဲ အရှိန်မြှင့်ပြီးဖြတ်မောင်းတယ်၊ နစ်ဆန်ကားက ယာဉ် ကြောပြောင်းပြီး မောင်းလိုက်စဉ် ကားတာယာတွေ ဖွင့်ဖောက်စစ်ဆေးဖို့ထားထားတဲ့ ကိရိယာကို တိုက်မိပြီး ကားဘီးပေါက်သွားတယ်၊ ဘီးပေါက်တဲ့ကားဟာ ရှေ့မှာကန့်လန့်ဖြတ်ရပ်ထားတဲ့ ရဲ ကားကို ဝင်တိုက်မိတယ်၊  အနီးနားရပ်နေတဲ့ ရဲတယောက်က ခုန်ရှောင်လိုက်စဉ် လမ်းဘေးက ဓာတ်မီးတိုင်ကို ဝင်ဆောင့်မိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်၊ နောက်တယောက်က ထိခိုက်ဒဏ်ရာရသွားတယ်လို့  တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါကားကို စစ်ဆေးရာမှာ တရားမဝင်မြန်မာအလုပ်သမား ၁၉ ယောက် တင်ဆောင်လာတာကို တွေ့ရှိတယ်၊ ကားမောင်းသမားက မှောင်ရိပ်ခိုပြီး အနီးက ကြံခင်းထဲ ထွက်ပြေးပုန်းခိုနေပေမဲ့ ရဲတွေက လိုက်လံရှာဖွေဖမ်းမိခဲ့ပါတယ်။ 

ပထမဆုံးဂိတ်ကိုဖြတ်သွားတဲ့ ဖို့ဒ်ကားမောင်းသူဟာ သူ့နောက်ကကား မတော်တဆဖြစ်တော့ ပြန်လာကြည့်ရှုစဉ် ရဲတွေက သူတို့တဂိုဏ်းတည်းဖြစ်မှန်းသိလို့ စစ်ဆေးအရေးယူဖို့ ဖမ်း ထားလိုက်ပါတယ်။ 

သူတို့ဟာ အဲဒီမြန်မာအလုပ်သမားတွေကို တာ့ခ်ခရိုင် ဝမ်းကယောက်မြို့ကနေ ထိုင်းအရှေ့ပိုင်း အူထိုင်းဌာနီခရိုင်ကို ပို့ဆောင်ပေးဖို့ တဦးလျှင် ဘတ် ၈၀၀၀ နှုန်းနဲ့ တင်ဆောင်လာတယ်၊  ထိုင်းရဲကို ညအမှောင်ထဲမှာ မမြင်ရလို့  မရည်ရွယ်ဘဲတိုက်မိသွားတာလို့ ယာဉ်မောင်းက ပြောပါတယ်။ 

အဆိုပါဖြစ်စဉ်မှာ တရားမဝင်မြန်မာ ၁၉ ယောက်၊ ကား ၃ စီးနဲ့ ထိုင်းယာဉ်မောင်း (လမ်းပြ) ၃ ယောက်တို့  အဖမ်းခံခဲ့ရပါတယ်။  ထိုင်းရဲကို သေကျေဒဏ်ရာရအောင်တိုက်ခဲ့တဲ့ ယာဉ်မောင်းဟာ တရားမဝင်အလုပ်သမားတင်ဆောင်တဲ့အမှုအပြင် တာဝန်ရှိဝန်ထမ်းကို သေဆုံးဒဏ်ရာရအောင် ပေါ့ဆစွာယာဉ်မောင်းမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုတွေနဲ့ပါ အရေးယူခံရ မှာဖြစ်တယ်။ 

သေဆုံးသွားတဲ့ ထိုင်းရဲမှာ ရဲတပ်ကြပ်ကြီးအဆင့်ရှိ နာ့သ်ဝပ် ဖဝပ်ရတ်ဖုန်း (၂၈ နှစ်) ဖြစ်ပြီး ဒဏ်ရာရသူမှာလည်း ရဲတပ်ကြပ်ကြီးအဆင့်ရှိတဲ့  ဘွန်းယရစ် ကယောက်ကျခေး (၃၂ နှစ်) တို့ဖြစ်ကြောင့် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source: -  AEC Thai News / The Thaiger News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013