အစ္စရေးဟာ ဂါဇာကမ်းမြောင်က ဟားမတ်စ် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အကြီးအကဲ အစ်ဇ် အယ်လ်ဒင် အယ်လ်ဟာဒက်ကို သတ်ခဲ့ပြီးပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မေ ၁၇ ရက်မှာ ပြောပါတယ်။
နေတန်ယာဟုက“အကြမ်းဖက်သမားဟာ အစ္စရေးအရပ်သား ထောင်ပေါင်းများစွာအပြင် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က စစ်သားတွေကို သေကျေ ဒဏ်ရာရအောင် လုပ်မှုနဲ့ ပြန်ပေးဆွဲမှုအတွက် တာဝန်ရှိပါတယ်၊ သူက ဓားစာခံတွေကို လူသားဒိုင်းအဖြစ် သုံးခဲ့ပြီး ကျနော်တို့နဲ့အတူ မရှိတော့ဘူး” လို့ ဂျေရုဆလင်မှာ ကျင်းပတဲ့ အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
အယ်လ်ဟာဒက်ဟာ မေ ၁၅ ရက်မှာ ဂါဇာမြို့ကို အတိအကျ တိုက်ခိုက်မှုလို့ ဖော်ပြထားတဲ့ စစ်ဆင်ရေးအတွင်း သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဟားမတ်စ်က ဟာဒက်ရဲ့ သေဆုံးမှုကို အတည်ပြုခဲ့ပေမဲ့ လက်စားချေမယ်လို့တော့ မခြိမ်းခြောက်ခဲ့ပါဘူး။ အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေး စကတည်းက ဂါဇာကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်သူတွေနဲ့ အရပ်သားတွေကို ခွဲခြားမထားတဲ့ ကိန်းဂဏန်းတွေအရ အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေး ကြေညာကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းလူမျိုး အယောက် ၈၇၀ လောက် သေဆုံးခဲ့ပါတယ်။
အစ္စရေးစစ်သား ၄ ယောက်လည်း တချိန်တည်းမှာ စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
ဟားမတ်စ်တွေကတော့ သူတို့ရဲ့ တိုက်ခိုက်ရေးသမားတွေ ထိခိုက်ကျဆုံးမှု ကိန်းဂဏန်းတွေကို ထုတ်မပြောခဲ့ပါဘူး။
အစ္စရေးနဲ့ ဟားမတ်စ်တို့က ၂ နှစ်ကျော်ကြာ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဂါဇာစစ်ပွဲအပြီး အစီအစဉ်ကို ရှေ့ဆက်ဖို့ ကြားခံပါတဲ့ ဆွေးနွေးပွဲတွေမှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေဆဲပါ။
အမေရိကန်နဲ့ ပူးတွဲပြီး အီရန်ကို ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်ခဲ့ပြီးနောက် အစ္စရေးဟာ ဒီသီတင်းပတ်တွေအတွင်း ဂါဇာမှာ တိုးမြှင့် တိုက်ခိုက်ခဲ့ပါတယ်။
ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေက သူတို့ရဲ့ ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာတယ်လို့ စစ်တပ်က ပြောတဲ့ ပျက်စီးယိုယွင်းနေတဲ့ ပါလက်စတိုင်းနယ်မြေကို ပြန်လမ်းကြောင်းပြောင်း တိုက်ခိုက်နေပါတယ်။
Source: Reuters










