DVB Logo
Home
မြန်မာသတင်း
တီးတိန်-ဟားခါး တိုက်ရိုက်ခရီးသည်ယာဉ်လိုင်း ပထမဆုံးအကြိမ်ပြေးဆွဲမည်
DVB
·
January 23, 2017
တီးတိန်-ဟားခါး တိုက်ရိုက်ခရီးသည်ယာဉ်လိုင်း ပထမဆုံးအကြိမ်ပြေးဆွဲမည်
Donate to DVB

ချင်းပြည်နယ် တီးတိန်မြို့မှ ဟားခါးမြို့သို့ မနက်ဖြန်ကစတင်ပြီး တစ်ပတ်လျင်တစ်ကြိမ် ဘတ်စ်ကား တိုက်ရိုက်ပြေးဆွဲပေးဖို့ ချင်းတောင်တန်းခရီးသည်တင်ယာဉ်လိုင်းက အစီအစဉ်ရှိနေပါတယ်။

တီးတိန်နဲ့ ဟားခါးဟာ မိုင် ၁၂၀ လောက်ကွာဝေးပြီး လက်ရှိအချိန်ထိ တီးတိန်မြို့ကနေ ဟားခါးမြို့နဲ့ ဖလမ်းမြို့တွေကို သွားလိုပါက ခရီးသည်တွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကို အရင်ဆင်းသွားရပြီး တစ်ညအိပ်ကာ ဖလမ်း၊ ဟားခါးမြို့သို့ပြန်တက်လာကြရတာဖြစ်ပါတယ်။

ခရီးသည်တွေရဲ့တောင်းဆိုမှုကြောင့် အဆင်ပြေအောင် တိုက်ရိုက်ခရီးစဉ်ပြေးဆွဲပေးမှာဖြစ်ပြီး ခရီးစဉ်အတွက် ယာဉ်စီးခမှာ ကျပ် ၂သောင်းဖြစ်တယ်လို့ ချင်းတောင်တန်းယာဉ်လိုင်းအသင်း ယာဉ်မောင်း ဦးထန်ဇာဒေါင်ကပြောပါတယ်။

“တီးတိန်ကနေ ဟားခါးသွားတဲ့ ခရီးသည်တွေ နည်းနည်းများလာပြီ။ အဓိကရုံးဝန်ထမ်းတွေ အလုပ်ကိစ္စနဲ့သွားတာတွေများလာပြီလေ။ အဲ့ခရီးသည်တွေအတွက် အဆင်ပြေအောင်၊ ခရီးသည် တွေရဲ့ တောင်းဆိုမှုကြောင့် ဆွဲပေးရတာပေါ့။ ခရီးသည်မရှိရင်လည်း တောက်လျှောက်ဆက်ဆွဲသွား မယ်။ ခရီးသည်များရင် နှစ်စီးနဲ့ထွက်ပေးမယ်။ ယာဉ်စီးခများနိုင်ပေမယ့် ကလေးကို ပတ်သွားတဲ့ လမ်းကြောင်းထက်စာရင် ခရီးစရိတ်ပိုသက်သာပါတယ်။”

လက်ရှိ တီးတိန်မှ ကလေးသို့ ကားပတ်စီးရာမှာ ခရီးစရိတ်အဖြစ် ကျပ် ၃သောင်းကျော်ကုန်နေတာဖြစ်ပါတယ်။
ခရီးစရိတ်ပိုမိုကုန်ကျတဲ့အပြင် အချိန်တစ်ရက်ဖြုန်းတီးသလိုဖြစ်နေလို့ ဒေသခံတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ဟားခါးမှာ အစိုးရ၀န်ထမ်းသွားရောက်လုပ်ကိုင်နေတဲ့ တီးတိန်မြို့သား ဦးခမ်ဆွင်းမုန်ကပြောပါတယ်။

“အရင်ကတော့ ကလေးကိုဆင်းပြီးတော့ တစ်ညအိပ်တယ်။ ပြီးတော့ ကလေးကနေ ဟားခါးကိုပြန်တက်တယ်။ အချိန်လည်းကုန်တယ်။ ပိုက်ဆံလည်းပိုကုန်တယ်။ အခုကျတော့ တစ်ရက်ထဲနဲ့ရောက်တော့မှာဆိုတော့ ပိုအဆင်ပြေတာပေါ့။ ကားခတော့ ဈေးကြီးပေမယ့် အချိန်ကုန်သက်သာတာကြောင့်၊ တခြားကားစီးစရာမရှိတာကြောင့် စီးရမှာဘဲ။ ဖြစ်နိုင်ရင် တစ်ပတ်နှစ်ကြိမ်ဆွဲစေချင်တယ်။ ဘာလို့လဲဆိုတော့ ရုံးကိစ္စက ဘယ်ချိန်မှာရှိလာမယ်ဆို တာမသိဘူးလေ။ တစ်ပတ်တစ်ကြိမ်ကျတော့ စောင့်ရတာနည်းနည်းကြာတယ်။ ဖြစ်နိုင်ရင် နှစ်သောင်းနဲ့ မဟုတ်ဘဲ တစ်သောင်းခွဲလောက်နဲ့ဆွဲပေးနိုင်ရင်တော့ ဒေသခံတွေအတွက် အဆင်ပြေမှာပေါ့နော်”

ချင်းတောင်တန်းယာဉ်လိုင်းအနေနဲ့ အင်္ဂါနေ့တိုင်း တီးတိန်မှ ဖလမ်း-ဟားခါးသို့ ပြေးဆွဲပေးမှာဖြစ်ပြီး ကြာသပတေးနေ့တိုင်း ဟားခါးမှ ဖလမ်း-တီးတိန်သို့ ပြေးဆွဲပေးဖို့ရှိနေပါတယ်။
သတင်း - ဆလိုင်းလာလ်နွန်အုပ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013