
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းရှိ စက်ဆန်းတိုက်နယ်ထဲက အမဲချောင်းမှာ ဧပြီ ၂၇ ရက် ည ၇ နာရီလောက်က အသက် ၁၈ နှစ်အရွယ် လူငယ်တယောက် မိကျောင်း ကိုက်ခံ ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိကျောင်းကိုက်ခံရတဲ့ လူငယ်ဟာ အမဲချောင်းအတွင်း လှေနဲ့ ဂဏန်းပိုက်ချနေစဉ် အရှည် ၁၅ ပေ လောက်ရှိတဲ့ မိကျောင်းတကောင်က ရေထဲကနေ လှမ်းကိုက်ရာ လှေနံရံကို ကိုက်မိတာကြောင့် လှေလူးပြီး လူငယ် ရေထဲကို ပြုတ်ကျသွားပြီးနောက် မိကျောင်းက ကိုက်ချီသွားတာလို့ ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က “ကိုယ်ခန္ဓာအနှံ့ မိကျောင်းအကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ လူငယ် အလောင်းကို ချောင်းထဲမှာပဲ တွေ့တာ။ ညတွင်းချင်း ည ၈ နာရီကျော်ကျော်လောက်မှာ အလောင်း ပြန်တွေ့တာ” လို့ ပြောပါတယ်။
မိကျောင်းကိုက်ခံရတဲ့လူငယ်ကို ဒေသခံတွေက ဝိုင်းဝန်း လိုက်လံရှာဖွေခဲ့ကြပြီး မိကျောင်း ကိုက်တဲ့ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးအလောင်းကို ဘိုကလေးမြို့နယ် စက်ဆန်းတိုက်နယ် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။










